ထိုင်းနိုင်ငံ၊ ဖူးခတ်ကျွန်းအနီးမှာ ကမ္ဘာလှည့် ခရီးသည်တွေ တင်ဆောင်လာတဲ့ အပျော်စီးသင်္ဘော တိမ်းမှောက်သွားတဲ့အတွက် အခုချိန်အထိ သေဆုံးသူ အနည်းဆုံး လူ ၂၁ ဦး ရှိနေပြီး ပျောက်ဆုံးနေဆဲဖြစ်တဲ့ ၂၉ ဦးကို ဆက်လက် ရှာဖွေနေပါတယ်။ ရေအောက်မှာ မြုပ်နေတဲ့ အဲဒီ သင်္ဘောထဲမှာ အလောင်းတော်တော်များများကို တွေ့ရှိရကြောင်း ထိုင်းရေတပ်က ပြောပါတယ်။
အဲဒီ သင်္ဘောဟာ ခရီးသည် ၉၃ ယောက်၊ သင်္ဘောဝန်ထမ်း ၁၁ ယောက်နဲ့ ဧည့်လမ်းညွန် တယောက်၊ စုစုပေါင်း ၁၀၅ ယောက်ကို တင်ဆောင်လာတာဖြစ်ပြီး တိုင်းပြည်တောင်ပိုင်း ကမ်းလွန်ဒေသမှာ ကြာသပတေးညက လှိုင်းထန်နေတဲ့အချိန် တိမ်းမှောက်သွားခဲ့တာပါ။ အနည်းဆုံး ခရီးသည် ၁၂ ဦးကို ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။
ပမထအကြိမ် လှိုင်းလုံးနဲ့ တိုက်မိစဉ် ရေစုပ်ထုတ်တဲ့အင်ဂျင်စက်ထဲ အမှိုက်တွေ ဝင်သွားပြီးတဲ့နောက် သင်္ဘောဟာ ပုံမှန် ဖြစ်မလာတော့တဲ့ အချိန်မှာ နောက်ထပ် လှိုင်းလုံးတွေ ထပ်ခါတလဲလဲ ရိုက်ခတ်ခဲ့ပြီးတဲ့နောက် တိမ်းမှောက်သွားခဲ့တာဖြစ်ကြောင်း သင်္ဘောမာလိန်မှူး Phoenix Somjing Boontham က ပြောပါတယ်။
ကြာသပတေးနေ့ အစောပိုင်းမှာပဲ တရုတ်နဲ့ ဥရောပတိုက်က ကမ္ဘာလှည့်ခရီးသည်တွေ တင်လာတဲ့ သင်္ဘောတစီး တိမ်းမှောက်ခဲ့တာကြောင့် သင်္ဘောပေါ် ပါလာသူ ၄၂ ဦးကို ကယ်တင်လိုက်ရကြောင်း အစိုးရ အရာရှိတွေက ပြောပါတယ်။
အဲဒီ ဒေသမှာ လာမယ့် အင်္ဂါနေ့အထိ ရာသီဥတု ဆိုးရွားမယ့်အခြေအနေ ရှိနေတာကြောင့် ဖူးခတ် အရာရှိတွေက အများပြည်သူကို သတိပေးချက် ထုတ်ပြန်ထားကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး Norraphat Plodthong က ပြောပါတယ်။
သာယာလှပတဲ့ ပင်လယ်ကမ်းခြေတွေရှိတဲ့ ဖူးခတ်ဒေသဟာ ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့ဒေသ တခုဖြစ်ပြီး အခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည်ပေါင်း ၃၅ သန်းလောက် လာလည်မယ်လို့ ခန့်မှန်းထားပါတယ်။
Your browser doesn’t support HTML5