တရုတ်နိုင်ငံမှာ ကိုဗစ်လုံးဝကင်းစင်ရေး Zero Covid မူဝါဒ ချမှတ်ထားတဲ့အပေါ် မြို့တော်ဘေဂျင်းနဲ့ ရှန်ဟိုင်းမြို့အပါအဝင် နိုင်ငံတဝန်းက တက္ကသိုလ်ကျောင်းပေါင်း ၅၀ လောက်မှာ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။
တရုတ်နိုင်ငံ၊ ရှင်ဂျန်းဒေသက Urumqi မြို့မှာ ကြာသပတေးနေ့ညက လူနေတိုက်တန်းတခု မီးလောင်မှုဖြစ်ပွားတာမှာ အနည်းဆုံး လူ ၁၀ ဦးသေဆုံးသွားခဲ့ရတာဟာ အဲဒီ ကိုဗစ် ကန့်သတ်ချက်တွေကြောင့် မီးသတ်သမားတွေ အချိန်မီရောက်မလာတဲ့အတွက်လို့ဆိုတဲ့ ပြောဆိုမှုတွေ ထွက်လာပြီးတဲ့နောက် ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေခဲ့တာပါ။
ရှန်ဟိုင်းမြို့မှာ ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက မကြာသေးခင် နာရီပိုင်းအတွင်း အင်အားသုံး လူစုခွဲခဲ့ပေမယ့် ဆန္ဒပြသူတွေ ပြန်ရောက်လာပြီး ဆက်ဆန္ဒပြနေကြယုံတင်မကဘဲ ရောက်လာတဲ့ ရဲတပ်ဖွဲ့တွေကိုပါ ဗွီဒီယို မှတ်တမ်းတင်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက “ကိုဗစ်စမ်းသပ်တဲ့ PCR အလိုမရှိ၊ လွတ်လပ်မှုသာ လိုချင်တယ်” ဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြလို့ အမည်မဖော်လိုတဲ့ မျက်မြင်သက်သေပြောတာကို ကိုးကားပြီး အေပီသတင်းမှာ ရေးပါတယ်။
လမ်းမပေါ်ထွက် ဆန္ဒပြတဲ့ အစဉ်အလာ မရှိသလောက် ရှားပါးလှတဲ့ တရုတ်နိုင်ငံမှာ သောကြာနေ့ကစလို့ နေ့စဉ်ဆိုသလို ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေခဲ့တာမှာ ဘေးဂျင်းမြို့က တက္ကသိုလ်ကျောင်းသားတွေလည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း သမ္မတရှီကျင့်ဖျင်ရဲ့ တင်းကြပ်တဲ့ ကိုဗစ်ကန့်သတ်ချက်တွေအပေါ် ရှန်ဟိုင်းမြို့ခံတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြသလို အခု အစောပိုင်းမှာလည်း အလားတူ ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ခဲ့တာမှာ လူမှုကွန်ရက်ရဲ့ အကူအညီနဲ့ တခြားမြို့တွေပါ ပါဝင်ခဲ့လာခဲ့တာကြောင့် အခုတကြိမ်ဟာ အကျယ်ပြန့်ဆုံး ဖြစ်ပါတယ်။
==== Unicode ===