စစ်ကိုင်းတိုင်းတွင်း စစ်ရေးလှုပ်ရှားမှုကြား လူထုသပိတ်တွေဆက်ရှိနေဆဲ

မုံရွာလမ်းမပေါ်ပြန်ထွက်လာတဲ့ စစ်အာဏာရှင်ဆန့်ကျင်သူများ (ဖေဖော်ဝါရီ ၉၊ ၂၀၂၃)

စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှု ပိုများလာပေမယ့် စစ်အာဏာဆန့်ကျင်တဲ့ လူထုသပိတ်တွေကတော့ ဆက်ပြီးရှိနေပါတယ်။ လူထုသပိတ် ဖော်ဆောင်သူတွေဟာ အရင်ကထက် စိန်ခေါ်မှုတွေကြားကနေ လုပ်ဆောင်လာရသလို၊ ပါဝင်သူ ဒေသခံတွေဟာလည်း အိုးအိမ်မဲ့ အခြေအနေကနေ ဒီသပိတ်မှာ ပါဝင်နေကြတာပါ။ ဒီအကြောင်း သတင်းပေးပို့ထားတာကို မမြသဇင်အောင်က တင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်းထဲမှာ စစ်အုပ်ချုပ်ရေးအာဏာ ထုတ်ပြန်ထားတဲ့ မြို့နယ် ၁၁ ခု ရှိပါတယ်။ ဒီလို စစ်အုပ်ချုပ်ရေး သတ်မှတ်ပြီးတဲ့နောက် စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှု ပိုများလာသလို၊ နယ်မြေရှင်းလင်းတာတွေလည်း အရင်ထက် ပိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို အခြေအနေတွေ မတည်ငြိမ်တဲ့ကြားမှာ လူထုသပိတ်ကလည်း ဆက်ပြီးရှိနေတာပါ။ လူထုသပိတ် ဖော်ဆောင်ဖို့ အရင်ကထက်စာရင် စိန်ခေါ်မှုတွေ ပိုရှိလာပေမယ့်လည်း လူထုပါဝင်မှုအား ကောင်းလာတယ်လို့ ယင်းမာပင်၊ ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ် ဦးဆောင်သူ ကိုလွမ်းသူက ပြောပါတယ်။

"အရင်လိုတော့ လွတ်လွတ်လပ်လပ် မရှိဘူးပေါ့။ သို့သော် အခက်အခဲကြားထဲကပဲ သပိတ်ထွက်တယ်။ ဒီနေရာမှာတော့ လူထုရဲ့ ပူပေါင်းပါဝင်မှုကလည်း အားကောင်းတယ်။ ဆိုလိုချင်တာက သူတို့ Martial Law ထုတ်တယ် ဆိုပေမယ့်လည်း ကျနော်တို့မြေပြင် အခြေအနေမှာတော့ သူတို့စခန်းရှိတဲ့ နေရာတွေလောက်ပဲ သူတို့ရှိနေပြီးတော့ တကယ့်တကယ် အပြင်ထွက်မယ် ဆိုရင်တောင်မှ စစ်ကြောင်းထိုးတဲ့ ပုံစံမျိုးပဲလုပ်တယ်။ စိန်ခေါ်ချက်ကတော့ ရန်သူက Martial Law ထုတ်ပြီးတဲ့ နောက်ပိုင်းမှာ ပိုပြီးတော့ စစ်ကြောင်းထိုးတာတွေ၊ နေ့စဉ်ရက်ဆက် နယ်မြေရှင်းလင်းတာတွေ ရှိတယ်။ သူတို့စခန်းပတ်လည်ကနေ နယ်ချဲ့တာတွေ ကျနော်တို့ ကြုံလာရတယ်။ နောက်တချက်က အခုချိန်မှာ အဖမ်းခံရမယ်ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီး အနေနဲ့ဆိုရင်လည်း တိုင်းမှူးကိုယ်တိုင် စစ်ခုံရုံးကနေ စစ်ဆေးမယ်ဆိုတဲ့ အရာတွေ ရှိတယ်ပေါ့ဗျာ။"

တော်လှန်ရေး အင်အားစုတွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲမှာ လူထုသပိတ် နေ့စဉ်ရှိနေသလို၊ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကာကွယ်ရေးအဖွဲ့တွေကြားက အပြန်အလှန် ပစ်ခတ်တာတွေ၊ နယ်မြေရှင်းလင်း ခံရတာတွေကလည်း ဆက်ပြီးရှိနေတာပါ။ နေစရာအိမ်မရှိလို့ တောထဲနဲ့ ဘုန်းကြီးကျောင်းတွေမှာ ဖြစ်သလိုနေ နေရတဲ့ ဒေသခံတွေဟာ လူထုသပိတ်မှာ အခက်အခဲကြားကနေ ပါဝင်နေကြတာလို့ ကိုလွမ်းသူက ပြောပါတယ်။

"သူတို့ကတော့ နေစရာ မရှိပေမယ့်လည်း သူတို့ရှိတဲ့ နေရာပေါ့ဗျာ၊ တောထဲ၊ ယာထဲ၊ အဆင်သင့်တဲ့ နေရာမှာနေတယ်။ သို့တည်းမဟုတ် နောက်ဆုံးအဆင့် ဒီဆွေမျိုးနီးစပ် တောထဲတွေမှာ ခိုကပ်နေပြီးတော့မှ သူတို့နိုင်တဲ့ တော်လှန်ရေးကို ဆက်ဆင်နွှဲတယ်ပေါ့ဗျာ။ မြေပြင်အခြေအနေမှာ အဲလိုမျိုးပဲ သပိတ်တိုက်ပွဲမှာ ပါဝင်ကြတာပါ။"

နေထိုင်စားသောက်ရေး နေ့စဉ်အခက်ကြုံနေတဲ့ ဒေသခံတွေဟာ အခုနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေ ရွာတွေထဲဝင်ရောက် ရှာဖွေတာ၊ နယ်မြေရှင်းလင်းတာတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာနေလို့ ဖမ်းဆီးခေါ်ဆောင်ခံရမယ့် အရေးကိုလည်း ထပ်ပြီးပူပင်နေကြတယ်လို့ စစ်ကိုင်းတိုင်းထဲမှာ ကူညီပေးနေသူတဦးက ပြောပါတယ်။

"တောစပ်တနေရာတို့၊ ဘုန်းကြီးကျောင်းတွေမှာ စုနေရတာတွေ ရှိတယ်။ တချို့ကလည်း အိမ်တွေ ပြန်မဆောက်နိုင် ကြဘူးပေါ့နော်။ စစ်ကြောင်းလာရင်လည်း တခါပြေးရပြန်ရော။ သူတို့မှာ တည်တည်ငြိမ်ငြိမ် နေရတယ်ဆိုတာ မရှိဘူးပေါ့။ သူတို့ရှိတဲ့ အထုတ်လေးဆွဲပြီး အကုန်လုံး ပြေးကြရတာပေါ့။ ဟိုဘက်က ရမ်းသမ်းပစ်တာတွေ သူတို့အိမ်ပေါ်ကျမှာ၊ သူတို့ရှိတဲ့ နေရာတွေကျမှာ သူတို့စိုးရိမ်ကြတယ်။ နောက်ပြီးတော့ စစ်ကြောင်းဝင်လာရင် ပေါ်တာဆွဲသလို၊ လမ်းပြခေါ်သလို အဲလိုပုံစံတွေ အလုပ်ခံရမှာ စိုးရိမ်ကြတယ်။"

စစ်ကိုင်းတိုင်းထဲမှာ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လည်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးအာဏာ ထုတ်ပြန်ထားတာပါ။ အဲဒီမြို့နယ်တွေမှာ ညမထွက်ရ အမိန့်နဲ့ လူစီတန်းလှည့်လည်တာတွေ မလုပ်ဖို့ သတိပေး တားမြစ်ထားပေမယ့်လည်း အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကလည်း အင်အားကောင်းကောင်းနဲ့ ဆက်ပြီးရှိနေပါတယ်။

{Unicode}








