မြန်မာစစ်အာဏာသိမ်းမှု ဂျပန်နဲ့ ကိုရီးယားရောက် မြန်မာတွေ ကန့်ကွက်ဆန္ဒပြ

ဂျပန်နိုင်ငံ ဂွန်းမခရိုင်မှာ မြန်မာစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး သရုပ်ဖေါ်ပွဲနဲ့ ဖက်ဒရယ်တပ်မတော် ကြိုဆိုပွဲ ( photo - Myo Gyi Japan )

[ Zawgyi/ Unicode ]

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို ဆန့်ကျင်ဆန္ဒပြနေကြတဲ့ နိုင်ငံအနှံ့က မြန်မာပြည်သူတွေ အကြမ်းဖက် ဖိနှိပ်ခံနေရတဲ့ကိစ္စကို ဂျပန်ပြည်သူတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန် သိလာစေဖို့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြန်မာတွေ တနင်္ဂနွေနေ့က ဆန္ဒထုတ်ဖေါ် ခဲ့ကြသလို၊ မြန်မာ့အရေး လှုပ်ရှားတဲ့ အင်အားစု တစုကလည်း တိုကျိုမြို့ရဲ့ အနောက်မြောက်ဖက်မှာရှိတဲ့ Gunma ခရိုင်အထိ သွားရောက်ပြီး Takebayashi ဘူတာရှေ့မှာ မြန်မာ စစ်တပ်ရဲ့ ဖြိုခွင်းနှိမ်နင်းမှုနဲ့ ပတ်သက်လို့ သရုပ်ဖေါ်တင်ဆက် ကပြခဲ့ကြပါတယ်။ Gunma ခရိုင်ဟာ တိုကျိုကနေ ကားနဲ့ ၂ နာရီကျော် မောင်းရတဲ့ ခရီးဖြစ်ပါတယ်။

မကြာခင်ပေါ်ပေါက်လာမယ့် အမျိုးသားညီညွတ်ရေးအစိုးရကိုရော ၊ ပြည်ထောင်စုတပ်မတော် ကိုပါ ဘယ်လို ထောက်ခံ ပံ့ပိုးသွားကြမလဲ ဆိုတာတွေကို Gunma ခရိုင်နဲ့ အနီးတဝိုက်က မြန်မာမိသားစုတွေနဲ့ ဆွေးနွေးဖို့ ဒီခရီးစဉ်ကို ထွက်လာတာဖြစ်ကြောင်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ တိုကျိုမြို့နေ ကိုမျိုးကြီးက ရှင်းပြပါတယ်။

" ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးမှာ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ CRPH ကို ထောက်ခံကြိုဆိုရေးနဲ့ ဂျပန်ရောက်မြန်မာများ CRPH ကိုထောက်ပံ့ရေးအဖွဲ့ကို ဖွဲ့စည်းသွားမှာပါ။ နောက်တခုက ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော်ကြီး ပေါ်ပေါက်လာတဲ့အခါမှာ ဂျပန်ရောက် မြန်မာလူငယ်အင်အားစုတွေကလည်း စစ်မှုထမ်းချင်တဲ့ စိတ်ဆန္ဒတွေ ရှိတဲ့အတွက် ကျနော်တို့အခုလို သွားရောက်ပြီး ဆွေးနွေး စကားပြောကြမှာ ဖြစ်ပါတယ်။ "

ဂွန်းမခရိုင် Takebayashi ဘူတာရှေ့ သရုပ်ဖေါ်တင်ဆက်ပွဲ

စနေနေ့တုန်းကလည်း တိုကျိုမှာရှိတဲ့ Know Us More Myanmar အဖွဲ့နဲ့ Myanmar Youth (Japan) အဖွဲ့တို့ဟာ မြန်မာပြည်မှာ လက်ရှိ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာတွေ ရေးသားပုံနှိပ်ထားတဲ့ လက်ကမ်းစာစောင်တွေကို လမ်းသွားလမ်းလာ ဂျပန်လူထုကြား ဖြန့်ဝေခဲ့ကြပါတယ်။ ဒါ့အပြင် တိုကျိုက အခြား မြန်မာလူငယ်တစုကလည်း စစ်အာဏာသိမ်းထားတာကို ဆန့်ကျင်ကြောင်းနဲ့ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည် အပါဝင် ခေါင်းဆောင်တွေ တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးထားသလို ဆန္ဒပြသူတွေဟာလည်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ရာနဲ့ချီ သေဆုံးနေရကြောင်း တိုကျိုမြို့ လူစည်ကားတဲ့ Shijuku ဘူတာရှေ့မှာ ဂျပန်လူထုသိအောင် ဆန္ဒထုတ်ဖေါ် ခဲ့ကြပါတယ်။


ဂျပန်နိုင်ငံမှာလိုပဲ တောင်ကိုရီးယားနိုင်ငံရောက် ကရင်တိုင်းရင်းသားတွေက ရုရှားသံရုံးရှေ့မှာ တနင်္ဂနွေနေ့က သွားရောက် ဆန္ဒပြခဲ့ကြသလို၊ ကိုရီးယားလူမျိုးတွေကလည်း ဆိုးလ်မြို့ ဖူဖျောင်းဘူတာရှေ့ ကွက်လပ်မှာ မြန်မာနွေဦး တော်လှန်ရေးကို ထောက်ခံကြောင်း CRPH ကိုထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ဆန္ဒထုတ်ဖေါ် ဟောပြောခဲ့ကြပါတယ်။

[ Unicode ]





မြန်မာ့ဒီမိုကရေစီရေးအတွက် တောင်းဆိုနေကြတဲ့ ကိုရီးယားလူမျိုးများ




Your browser doesn’t support HTML5

မြန်မာစစ်အာဏာသိမ်းမှု ဂျပန်ကိုရီးယားရောက်မြန်မာတွေ ဆန္ဒပြ