နိုင်ငံရေးအကျဉ်းသားတချို့ မိသားစုနီးရာထောင်ရွှေ့

  • မသင်းသီရိ

နိုင်ငံရေးအကျဉ်းသားတချို့ မိသားစုနီးရာထောင်ရွှေ့

မြန်မာနိုင်ငံထဲက နိုင်ငံရေးအကျဉ်းသားတချို့ကို ဝေးလံခေါင်သီတဲ့ ထောင်တွေကနေ မိသားစုနဲ့ နီးရာ ဒေသတွေမှာ ရှိတဲ့ အကျဉ်းထောင်တွေကို စတင် ပြောင်းရွှေ့ နေပါတယ်။ နိုင်ငံရေး အကျဉ်းသားများနဲ့ ပတ်သက်တဲ့ မိသားစုဝင်တွေ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းတွေနဲ့အတူ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူ တချို့လည်း နိုင်ငံရေးအကျဉ်းသားများထောင်ပြောင်းတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြောပြ ထားပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

သရက်ထောင်မှာ အကျဉ်းကျနေတဲ့ ၈၈ မျိူးဆက်ကျောင်းသူမနီလာသိန်းကို မိသားစုနဲ့ နီးတဲ့ သာယာဝတီထောင်ကို ဒီကနေ့ ရွှေ့လိုက်ပါတယ်။ အာဏာပိုင်တွေက မိသားစုဆီကို တရားဝင် အကြောင်းကြားတာ မဟုတ်ပေမယ့် ထောင်ပြောင်း ထောင်ရွှေ့တွေ ဒီရက်ပိုင်းအတွင်း ဖြစ်လာနိုင်တယ်ဆိုလို့ စုံစမ်း မေးမြန်းရာကနေ မနီလာသိန်းဟာ ဒီကနေ့ မနက် ၁၀ နာရီက သာယာဝတီထောင်ကို ရောက်နေပြီလို့ မနီလာသိန်းရဲ့ ခင်ပွန်း ဖြစ်တဲ့ ကိုဂျင်မီခေါ် ကိုကျော်မင်းယုရဲ့အကို ကိုမျိုးမင်းယုက ပြောပါတယ်။

"ဖုန်းဆက် လှမ်းမေးလိုက်တော့ သူတို့ကလည်း ရောက်ရှိကြောင်း အတည်ပြုပါတယ်။ ဒီနေ့မနက် ၁၀ နာရီလောက် ရောက်တယ် ပြောပါတယ်။ ဟုတ်တဲ့အကြောင်း အတည်ပြုတဲ့အတွက် လာတွေ့ချင်ရင် တွေ့လို့ ရပါပြီတဲ့။ ကျနော်တို့ မနက်ဖြန် သွားတွေ့ဖို့ စီစဉ်နေပါတယ်။ နီးသွားတာပေါ့။ ကျနော်တို့ ဒီကသွားရင် ၂ နာရီလောက်ပဲ ကြာတယ်လေ။ သရက်တုန်းကကျတော့ ကျနော်တို့က ညကားသွား၊ မနက်ရောက်။ ည ၇ နာနရီလောက်သွား၊ ဟိုကို မနက် ၄ နာရီ၊ ၅ နာရီရောက်။ နဲနဲ ကသီလင်တ နိုင်တာပေါ့ဗျာ သရက်ကတော့။ ဒီမှာ သာယာဝတီကတော့ ဒီကသွားရင် ၂ နာရီပဲ ကြာတာကို။ နဲနဲတော့ တော်သွားသေးတာပေါ့။"

မနီလာသိန်းရဲ့ ခင်ပွန်းဖြစ်တဲ့ ၈၈ မျိူးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီဟာလည်း တောင်ကြီး ထောင်မှာ နှစ်ရှည်အကျဉ်းချခံထားရတာ ဖြစ်ပေမယ့် ကိုဂျင်မီနဲ့ ပတ်သက်လို့တော့ ဒီနေ့ထိ အပြောင်းအရွေ့ သတင်းမသိရသေးဘူူလို့ အကို ဖြစ်တဲ့ ကိုမျိူးမင်းယုက ပြောပါတယ်။

တခါ SNLD ရှမ်းအမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ဥက္ကဌ ခွန်ထွန်းဦးကိုလည်း ဒီကနေ့ နေ့လည်က ပူတာအိုလေယဉ်ကွင်းကနေ ခေါ်ဆောင်သွားပြီး သ့ူကို လက်ရှိ ပူတာအိုကနေ တောင်ငူထောင်ကို ရွေ့ပြောင်းဖို့ ဖြစ်တယ်လို့ စုံစမ်း သိရှိရတဲ့အကြောင်း SNLD ပါတီရဲ့ ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

"လောလောဆယ်တော့ ဥက္ကဋ္ဌ ခွန်ထွန်းဦး တယောက်ထဲကိုပဲ ရွှေ့တယ်လို့ ကြားရပါတယ်။ ဒီနေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်လောက်မှာ ပူတာအို လေယာဉ်ကွင်းကနေ လှမ်းမြင်လိုက်ရတဲ့ ပုဂ္ဂိုလ်က ကျနော့်ကို လှမ်း ဆက်တာပေါ့နော်။ ပူတာအိုထောင်ကနေ ခေါ်ထုတ်လာတာတော့ ဥက္ကဋ္ဌ ခွန်ထွန်းဦး တယောက်ထဲဘဲ။ မနက်ကတည်းက လေယာဉ်ကွင်းကို ရောက်နေတယ်။ တစ်နာရီ ၃၅ မိနစ်လောက်မှာ လေယာဉ်ပေါ် ပါသွားတယ်။ ကြားသိရတဲ့ သတင်းအရ ဆိုရင်တော့ တောင်ငူထောင်ကို ပြောင်းပေးမယ်လို့ ပြောတယ်။
လောလောဆယ်တော့ ဒီကနေ့တော့ မြစ်ကြီးနားကိုပဲ ပို့ပြီး၊ မနက်ဖြန်ကျမှ မန္တလေးကို ဆက်ပို့မယ်။ မန္တလေးကနေ တောင်ငူကိုတော့ ဘယ်လို အခြေအနေ၊ ဘယ်လို ပုံစံနဲ့ ပို့မယ်ဆိုတာတော့ မသိရသေးပါဘူး ခင်ဗျ။"


ဒါပေမယ့် SNLD ပါတီက အတွင်းရေးမှူး စိုင်းညွန့်လွင်ကလည်း ကလေးထောင်မှာပဲ ရှိနေသေးတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

တခါ ကလေးထောင်မှာ အကျဉ်းကျနေတဲ့ အရှင်ဂမ္ဘီရနဲ့ ဂွမြို့နယ် NLD ပါတီအမတ် ဦးညီပုတို့ ၂ ဦး ကိုတော့ ဒီကနေ့ ကလေးကနေ ရန်ကုန်ကိုသွားတဲ့ လေယာဉ် ခရီးသည် စာရင်းမှာ တွေ့ရတယ်လို့ ကလေးမြို့ကို ရောက်နေတဲ့ အရှင်ဂမ္ဘီရရဲ့ မိခင် ဒေါ်ရေးက ပြောပါတယ်။ အရှင်ဂမ္ဘီရနဲ့ ဦးညီပုတို့ ၂ ဦးကို ကလေးကနေ အင်းစိန်ထောင်ကို ရွှေ့မယ်လို့ သိရပြီးတော့ မနက်ဖြန်မှာ အင်းစိန်ထောင်မှာ သွားပြီးတော့ စုံစမ်းမယ်လို့လည်း ပြောပါတယ်။

"သတင်း သိုးသိုး သန့်သန့် ကြားတာလေ။ ပါများ ပါနိုင်မလားဆိုပြီးမှ လေဆိပ်ကို သွားကြည့်တာ။ ခရီးသည် စာရင်းထဲမှာ ဦးညီညီလွင်နဲ့ ဦးညီပုတဲ့။ အဲဒီလို ပါတာ။ ဦးညီညီလွင်ဆိုတာက ဦးပဇင်း လူနာမည်လေ။ ဒီ လေဆိပ် ဂိတ်ပေါက်နားမှာ အကျဉ်းဦးစီးဌာနဆိုပြီး ယူနီဖောင်း ဝတ်စုံတွေ ဝတ်ထားတဲ့ ထောင်ဝါဒါတွေပါတဲ့
ပစ္စည်းတင်တဲ့ ကားလေးသွားတယ်လို့။ ဟုတ်ဘက် ပေ ၁၅၀ လောက်ဝေးတဲ့ အဲဒီ ဂိတ်ပေါက်ကမှ ဦးပဇင်းတို့ ပါမယ်ထင်တဲ့ ကားလေးတစ်စင်း ဝင်သွားတာ တွေ့တယ်။ ဦးပဇင်းကို သွားကြည့်လိုက်စမ်းပါ ဆိုပြီးမှ ရန်ကုန် လေဆိပ်ကို ခိုင်းလိုက်သေးတယ်။ ရန်ကုန်မှာလည်း အဲဒီလိုပဲတဲ့ လုံခြုံရေးအပြည့်။ တင်းတင်း ကျပ်ကျပ်ပေါ့။ အဲဒါနဲ့ အမေရယ် မတွေ့ခဲ့ရပါဘူးတဲ့။ ရောက်လောက်ပြီ။ မနက်ဖြန်ခါ မခင်သူဌေး သွားစုံစမ်းမှာ။"


အရှင် ဂမ္ဘီရရဲ့မိခင် ဒေါ်ရေး ပြောပြခဲ့တာပါ။

ဒီလိုသတင်းတွေအပြင် ကျိုင်းတုံထောင်မှာ နှစ်ရှည်အကျဉ်းကျနေတဲ့ ၈၈ မျိူးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကတော့ ဒီကနေ့ ညနေထိ ကျိုင်းတုံထောင်မှာပဲ ရှိနေပါသေးတယ်။

အထက်အရာရှိတွေရဲ့ ညွန်ကြားချက် တစုံတရာ မသိရသေးပေမယ့် ကိုမင်းကိုနိုင် အပါအဝင် နိုင်ငံရေးမှုတွေနဲ့ အကျဉ်းကျနေတဲ့ ကိုမျိူးဟန်၊ ကိုညီညီဇော်၊ မောင်သိန်းဇော်တို့ ၄ ဦးရဲ့ ဆေးမှတ်တမ်းတွေကို အထက် အရာရှိတွေဆီကို ပေးရပြီးတော့ ကိုမင်းကိုနိုင်ထောင်ထဲမှာ ဆွဲတဲ့ ပန်းချီကားတွေကိုလည်း သိမ်းဆည်း ထုတ်ပိုးတာတွေ လုပ်နေတာရှိတယ်လို့ ကျိုင်းတုံထောင် အရာရှိတဦးက VOA မြန်မာပိုင်းကို ပြောပါတယ်။

"တရားဝင် ကျနော်တို့ကို အထက်က ညွန်ကြားလာတာလဲပဲ ဒီအချိန်ထိတော့ ဘာမှ မရှိသေးဘူးပေါ့နော်။ ဒါပေမယ့် အခုရှိနေတဲ့ အကျဉ်းသား ၄ ယောက်ပေါ့၊ သီးသန့် အကျဉ်းသား ၄ ယောက်ရဲ့ ကျန်းမာရေး စစ်ဆေးထားတဲ့၊ ကျန်းမာရေး ပြန်တမ်း၊ ကျန်းမာရေး စစ်ဆေးမှု အနှစ်ချုပ်ကို ကျနော့်ဆီမှာတောင်းလို့ ကျနော် ဒီကနေ့ အဲဒါလေးတော့ လုပ်ပေးလိုက်ရပါတယ်။ နောက်ပြီးလို့ရှိရင် သူအထဲမှာနေတုန်းက ပန်းချီတွေ ဘာတွေ ဆွဲတယ်လေ။ ပန်းချီဆွဲထားတာတွေကို သူ့ရဲ့ ပန်းချီကားတွေ ဘာတွေကို အကုန်လုံး စုစည်းပြီးတော့ ကျနော်တို့ ဒီကနေ့ ပြင်ဆင်နေတာတော့ ကျနော် တွေ့မိတယ်။ လေယာဉ် ခရီးစဉ်က မနက်ဖြန် ရှိတယ် ဆိုတဲ့အခါကျတော့ တကယ်လို့ ပြောင်းမယ်ဆိုရင်တော့ မနက်ဖြန် ဖြစ်ဖို့များတာပေါ့နော်။"

ကျိုင်းတုံထောင်က အရာရှိ ပြောပြခဲ့တာပါ။

ဒါ့အပြင် အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တချို့ရဲ့ မိသားစုဝင်တွေနဲ့ ဖားအံထောင်က ဘလော့ဂါ (Blogger) ကိုနေဖုန်းလတ် မိသားစုဝင်တွေကို မေးကြည့်တဲ့အခါမှာတော့ သူတို့ဟာ လက်ရှိ သူတို့ရှိနေတဲ့ အကျဉ်းထောင်တွေ အတွင်းမှာဘဲ ရှိနေပြီးတော့ သူတို့အကြောင်းသတင်း မသိရသေးဘူးလို့ ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက အကျဉ်းသားတွေကို မိသားစုနဲ့နီးတဲ့ ထောင်တွေဆီကို ရွှေ့ပြောင်း ပေးဖို့အတွက် စီစဉ်နေတယ်လို့ ဗီအိုအေ မြန်မာပိုင်းနဲ့ သီးသန့် တွေ့ဆုံခန်းမှာ ပြောခဲ့သလို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကလည်း ဝေးလံ ခေါင်သီလှတဲ့ နေရာတွေကနေ မြို့ပြ ထောင်တွေဆီကို ရွှေ့ပြောင်းပေးဖို့ တောင်းဆိုတဲ့စာ ထွက်ခဲ့ပြီးတဲ့နောက် အခုလိုမျိုး ထောင်အပြောင်းအရွှေ့တွေ စပြီးတော့ ဖြစ်ခဲ့တာပါ။