ထောင်ဆူပူမှုများ စတင် စုံစမ်းစစ်ဆေး

ရွှေဘိုအကျဉ်းထောင်တွင် ဆူပူမှုဖြစ်စဉ်

မကြာသေးခင်က အကျဉ်းထောင်ဆူပူမှုတွေ ဖြစ်ပြီးနောက်ပိုင်း ဆူပူမှုဖြစ်ရတဲ့အကြောင်းအရင်းတွေကို အကျဉ်း ဦးစီး ဌာနက စတင်စစ်ဆေးနေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဆူပူမှုတွေရဲ့ နောက်ကွယ်မှာ သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေတယ်လို့ ယူဆရကြောင်းနဲ့ ဒါကို စုံစမ်းစစ်ဆေးသွားမယ့် အကြောင်း နိုင်ငံတော်သမ္မရုံးရဲ့ထုတ်ပြန်ခဲ့ပြီးတဲ့နောက် သီတင်းနှစ်ပတ်နီးပါးအကြာမှာ ခုလို စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ကတော့ အကျဉ်းထောင်ဆူပူမှုတွေမှာ သွေးထိုးလှုံ့ဆော်မှုတွေရှိခဲ့တယ်လို့ မယူဆကြောင်း ပြောပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ၃ ကြိမ်ပေးပြီးနောက်နေ့မှာပဲ မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ အကျဉ်းထောင် ၈ ခု ဆူပူမှုဖြစ်ပေါ်ခဲ့တာပါ။ ဒီအကျဉ်းထောင် ဆူပူမှုဖြစ်စဉ်တွေမှာ ရွှေဘို အကျဉ်း ထောင်ကတော့ အာဏာပိုင်တွေ ပစ်ခတ်ထိန်းသိမ်းခဲ့လို့ အကျဉ်းသား ၄ ဦး သေဆုံးတဲ့အထိ ဆိုးရွားခဲ့ပါတယ်။ ရွှေဘိုထောင်ဆူပူမှုမှာတော့ လူမှုကွန်ယက်မှာ Live လွှင့်ခဲ့တဲ့ အကျဉ်းသား ၃ ဦးနဲ့ အကျဉ်းထောင်မှာ တားမြစ် ပိတ်ပင်ထားတဲ့ ပစ္စည်းသွင်းတဲ့ အကျဉ်းထောင်ဝန်ထမ်းတို့ကိုလည်း အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ နဲ့ အရေးယူထားပါတယ်။

ဒီအကျဉ်းထောင်ဆူပူမှု ဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးနေပြီးလို့ အကျဉ်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ဗွီအိုအေကို အခုလိုပြောပါတယ်။

"ကျွန်တော်တို့စစ်နေပါတယ်ခင်ဗျ။ သူတို့အဲ့ဒါကို စစ်နေတုန်းပေါ့လေ။ ပြန်ပြီးတော့ တခုမှ ပြန်မတက်လာ သေးပါဘူးခင်ဗျ။ သတင်းထုတ်ပြန်ဖို့ဆို သူတို့ ၂ ရက်လောက်တော့ လိုသေးတယ်လို့ပြောတယ်။ ၂ ရက်လောက် စစ်ဆေးစရာရှိတယ်ပြောတယ်။ ကျွန်တော်တို့အကျဉ်းဦးစီးကပဲစစ်တာ။ သူကအဓိက ဌာန ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ရွှေဘိုတခုတည်းပါ။ ကျန်တဲ့နေရာတွေတော့ PE(ကနဦးစုံစမ်းစစ်ဆေးချက်) နဲ့ပဲစစ်တယ်။ အကျဉ်းဦးစီးကပဲစစ်ပါတယ်။"

စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကို မပြောသလို၊ ဘယ်တော့ထုတ်ပြန်မလဲ ဆိုတာလည်း မသိရသေးပါဘူး။

အကျဉ်းထောင်တွေ အခုလိုဆူပူတာဟာ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုတွေနဲ့ ချိတ်ဆက်ဆောင်ရွက် တာကြောင့်လို့ ယူဆရတာကြောင့် စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ့်အကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ထားတာပါ။ စုံစမ်းစစ်ဆေးမှုအဖြေ ထွက်မလာသေးပေမဲ့လို့၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကတော့ သွေးထိုး လှုံ့ဆော်မှုအဖြစ် မမြင်ကြောင်း ကော်မရှင်ပြောခွင့်ရ ဦးယုလွင်အောင်က ပြောပါတယ်။

"သတ်မှတ်ထားတဲ့ စံ တခု အဲ့စံတခုနဲ့ မျဉ်းဆွဲလိုက်လို့ရှိရင် အောက်မှာ ကျန်နေတဲ့လူတွေရှိတယ်။ အဲ့ကျန်နေတဲ့လူတွေက မကျေနပ်တာ ဒါပဲ။ အဲ့တော့ ဒါနဲ့ပတ်သက်ပြီးတော့ သွေးထိုးလှုံ့ဆော်စရာကို မလိုဘူး သူတို့အားလုံးရဲ့ ရင်ထဲမှာကို မကျေမနပ်တွေဖြစ်နေကြတာ။ ပထမတခါ လွှတ်တော့ သူပါလိမ့်မယ်လို့ အောက် မေ့တယ်မပါဘူး။ နောက်တခါ ကျန်သေးတယ်ဆိုပြီးတော့ မျှော်တယ်။ မပါဘူး။ တတိယတခါကျတော့ အစာပိတ် ပြီးပြီ နောက်ထပ်မလာတော့ဘူးဆိုတော့ အဲ့ဒီမှာတင် ပေါက်ကွဲတော့တာ ဒါပါပဲ။ လူသားအားလုံးက ရင်ထဲမှာ ဒီလိုပဲ မျှော်လင့်နေကြတာပဲလေ။ အဲ့သဘောတွေ တွေ့ရတာပေါ့။"

အခုလိုထောင်ဆူပူတာတွေဟာ အကျဉ်းသား ရွေးချယ်ပြန်လွှတ်ရာမှာ ပွင့်လင်းမြင်သာမှုမရှိတာကြောင့်လို့ ဝေဖန်သုံးသပ်တာတွေရှိသလို အကျဉ်းသားစိစစ်ရေး ကော်မတီဖွဲ့ဖို့ တောင်းဆိုတာတွေလည်း ရှိပါတယ်။။ အစိုးရကတော့ သက်ကြီးရွယ်အိုတွေ ကျန်းမာရေး မကောင်းသူတွေ အမျိုးသမီး လူငယ်တွေနဲ့ မသန်စွမ်း အကျဉ်းသားတွေကို ရွေးချယ်ရေး မူဝါဒနဲ့အညီ စိစစ်ပြီး ပြန်လွှတ်ပေးတာလို့ သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတော် သမ္မတအနေနဲ့ ဧပြီလ ၁၆ ရက်နေ့ကနေ မေလ ၇ ရက်နေ့အထိ အကျဉ်းသား ၂ သောင်း ၃ ထောင် ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ၃ ကြိမ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ထောင်ဆူပူမှုများ စတင် စုံစမ်းစစ်ဆေး