အမေရိကန် ပြည်ထောင်စုမှာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် သမ္မတတွေအနေနဲ့ နျူကလီးယားလက်နက်တွေကို အသုံးပြုပိုင်ခွင့်၊ အထူးသဖြင့် မြောက်ကိုရီးယားအပေါ် သမ္မတ Donald Trump က လက်ဦးမှုယူပြီး နျူကလီးယားနဲ့ တိုက်ခိုက်မယ့်အရေး လွှတ်တော်မှာ ပြန်လည်သုံးသပ်နေပါတယ်။
အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီရှေ့မှောက် မနေ့တုန်းက ထွက်ဆိုခဲ့ကြတဲ့ အမေရိကန် အဆင့်မြင့် စစ်ဘက်ဆိုင်ရာ အရာရှိတွေကတော့ သမ္မတ Trump နဲ့ အရင်သမ္မတတွေ အဆက်ဆက်လက်ထက် နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်မှုတွေကို လက်တုန့်ပြန် တိုက်ခိုက်ဖို့ အကြွင်းမဲ့အာဏာရှိပေမဲ့၊ လက်ဦးမှုရယူ တိုက်ခိုက်ဖို့တော့ အခွင့်အာဏာ မရှိဘူးလို့ ပြောဆိုခဲ့ကြတာပါ။
စစ်တပ်အနေနဲ့ ဥပဒေနဲ့မညီတဲ့ အမိန့်မျိုးပေးလာခဲ့မယ်ဆိုရင်၊ ငြင်းဆန်ပိုင်ခွင့်ရှိကြောင်းလည်း တပ်မှူးဟောင်းတဦးဖြစ်တဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး Robert Kehler က ထွက်ဆိုခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု ကို နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်ခံရတဲ့ အခါမျိုးမှာ နျူကလီးယားလက်နက်နဲ့ ချက်ခြင်းတုန့်ပြန်တိုက်ခိုက်ဖို့ သမ္မတမှာ အခွင့်အာဏာရှိပေမဲ့၊ မြောက်ကိုရီးယားနဲ့ တခြားနိုင်ငံတခုခုကို လက်ဦးမှုရယူ တိုက်ခိုက်တာမျိုးကိုတော့ နျူကလီးယားလက်နက်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေက ခွင့်ပြုမထားကြောင်းလည်း ထွက်ဆိုခဲ့ကြပါတယ်။
အတိုက်အခံ ဒီမိုကရက်လွှတ်တော် ကိုယ်စားလှယ် တချို့ကတော့ သမ္မတ Trump ဟာ စိတ်တည်ငြိမ်မှုမရှိသူ၊ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် မချနိုင်သူအဖြစ် နျူကလီးယားလက်နက် အသုံးပြုခွင့် အာဏာပေးထားတဲ့အပေါ် စိုးရိမ်တဲ့ သဘောထားတွေကို ပြောဆိုခဲ့ကြတာပါ။ နျူကလီးယားလက်နက် အသုံးပြုနိုင်တဲ့ အခွင့်အာဏာနဲ့ ပတ်သက်လို့၊ အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ နောက်ဆုံးအကြိမ် ဆွေးနွေးခဲ့ဖူးတာကတော့ တချိန်က ဆိုဗီယက် ယူနီယံနဲ့ စစ်အေးခေတ်ကာလ နှစ်ပေါင်း ၄၀ ကျော်က ဖြစ်ပါတယ်။
Your browser doesn’t support HTML5