ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ဖြေရှင်းရာမှာ ရခိုင်လက်နက်ကိုင် အဖွဲ့ AA အနေနဲ့ ဆွေးနွေး အဖြေရှာဖို့ လိုအပ်ကြောင်း မြန်မာအစိုးရက ပြောဆို လိုက်ပါတယ်။ ဒါပေမဲ့လည်း ရက္ခိုင့်တပ်မတော် AA ကတော့ မြန်မာစစ်တပ်ဖက်က စစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့လိုအပ်ကြောင်း ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခက ပြောပြပေးမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ဆိုင်းနိုင်ဖို့ ရက္ခိုင့်တပ်မတော် AA အနေနဲ့ ဆွေးနွေးအဖြေရှာသင့်တယ်လို့ နေပြည်တော်မှာ ကျင်းပတဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ ဦးဇော်ဌေးက တိုက်တွန်းလိုက်တာပါ။
"တိုက်ပွဲတွေက တပွဲ ၂ပွဲနဲ့မပြီးပါဘူး။ အမြစ်ပြတ်သွားဖို့လည်းခက်ပါတယ်။ အစိုးရဘက် ပိုင်းကကြိုးစားနေတာက AA အပါအဝင် မြောက်ပိုင်းအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လက်မှတ်ထိုး နိုင်ဖို့လုပ်နေတယ်။ နိုင်ငံရေးအခွင့်အရေးနဲ့ နိုင်ငံရေးစားပွဲဝိုင်းရောက် ဖို့လုပ်နေတယ်။ ဒီလမ်းကြောင်းကို တိုက်တွန်းချင်တယ်။ တိုင်းရင်းသားခွင့်ရေး၊ ပြည်နယ်ခွင့်ရေးရဖို့ ဆိုရင် နိုင်ငံရေးစားပွဲဝိုင်းလာပါ။ အဘက်ဘက်က ဆိုးကျိုးတွေရှိတယ်။ တပ်မတော်တခု ထဲပြောမရဘူး။ AA ကိုလည်းပြောချင်တယ်။ ပြည်သူတွေအတွက် ငြိမ်းချမ်းရေးစားပွဲဝိုင်း လာဖို့လိုတယ်။"
AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရ ခိုင်သုခ ကတော့ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ဖို့ တပ်မတော်ဖက်က စစ်ဆင်ရေးတွေ အရင်စဖို့လိုတယ်လို့ တုံ့ပြန်ထားပါတယ်။
"တိုက်ပွဲတွေရပ်ဖို့ဆို စစ်ဆင်ရေးတွေကို အရင်ဆုံးရပ်ဖို့လိုပါတယ်။ အစိုးရဘက်ကကြေ ငြာထားတဲ့ အမြစ်ပြတ်ချေမှုန်းရေးပေါ့အဲဒါကိုလဲပြန်ရုပ်ဖို့လိုပါတယ်။ ဒါမှ ၂ဖက်ယုံကြည်မှု တည်ဆောက်နိုင်မယ်ရှေ့ဆက်စကားပြောနိုင်မယ်။ ခုသူတို့လုပ်နေတဲ့ ငြိမ်းချမ်းရေးကျနော် တို့နဲ့လုပ်တာမှာလဲ ဗမာစစ်တပ်ဘက်က AAကို ရခိုင်ပြည်နယ်ထဲ အခြေချခွင့်မပြုနိုင်ဖူး၊ လုံးဝလက်မခံနိုငအသိမှတ်မပြုနိုင်လုပ်တာကကျတော့ ကျနော်တို့မှာခက်ခဲစေတယ်။ အဓိကကတော့ တပ်မတော်ရဲ့ မိုင်းဆက်တွေပြင်ဖို့လိုတယ်။"
ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ ရခိုင်ပြည်နယ်က ရဲကင်းစခန်းတချို့ကို AA လက်နက်ကိုင် အဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က စစ်ဆင်ရေးတွေ ဆင်နွှဲနေရာမှာ ၂ ဘက် ထိခိုက်သေဆုံးမှုတွေနဲ့ အရပ်သား ထိခိုက်သေဆုံးမှုတွေပါ ကြုံနေရတာပါ။ ဒါပေမဲ့လည်း တိုက်ပွဲတွေကြား အရပ်သားတွေ ထိခိုက်သေဆုံးမှုမှာ မြန်မာစစ်တပ် တခုတည်းကို အပြစ်ဖို့လို့ မရနိုင်ကြောင်း မြန်မာအစိုးရပြောခွင့်ရ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
"ဥပဒေနဲ့ အညီလုပ်တဲ့ အခါမှာလည်း တပ်မတော်ရဲ့စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ ရန်သူနဲ့ဆက်ဆံတာမှာဘယ်လိုပြုမှုမလဲ၊ အရပ်သားတွေကိုဆက်ဆံတာမှာဘယ်လိုရှိလဲ၊ ဆိုတဲ့ စည်းမျဉ်းတွေထုတ်ထားတဲ့အတိုင်းလုပ်ဖို့ဘဲလိုပါတယ်။ စွပ်စွဲပြောကြားမှုကတိုက်ပွဲ တွေ ဖြစ်ရင် ၂ဖက်စလုံးမှာရှိပါတယ်။ တဖက်ထဲတော့မဟုတ်ပါဘူး။"
ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရသလို၊ ဥပဒေမဲ့ ဖမ်းဆီးမှု သတ်ဖြတ်မှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကလည်း စိုးရိမ်ကြောင်း ပြောဆိုထားကြတာပါ။ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Amnesty International ရဲ့ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာလည်း ရခိုင်လက်နက်ကိုင်တပ်ဖဲ့ွ (AA) နဲ့ တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုတွေ ကျုးလွန်နေကြောင်း စွပ်စွဲထားပြီး၊ နိုင်ငံတကာ စစ်ရာဇဝတ်မှုကနေ အရေးယူဖို့ တိုက်တွန်းထားသလို၊ AA လက်နက်ကိုင် တပ်ဖွဲ့ဖက်ကလည်း အရပ်သားတွေကို ဖမ်းဆီးတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတချို့ ရှိခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5