နိုင်ငံတွင်း သဘောကွဲမှုများ ပြန်ကုစားဖို့ Joe Biden တိုက်တွန်း

Joe Biden.

(Zawgyi / Unicode)

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden အနိုင်ရတယ်လို့ မီဒီယာတွေက ကြေညာပြီး နာရီပိုင်းအကြာမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ Mr. Biden က နိုင်ငံတွင်း သဘောထားကွဲလွဲမှုတွေကို ရင်ကြားစေ့ဖို့နဲ့ စည်းလုံးမှုရှိကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို မမြသဇင်အောင်က တင်ပြထားပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden သမ္မတဖြစ်ဖို့ သေချာသွားတာနဲ့ အတူ အမေရိကန်နိုင်ငံတဝန်း မြို့တွေမှာ သူ့ကိုထောက်ခံသူတွေ အောင်ပွဲခံနေကြပါတယ်။ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ပန်ဆယ်လ်ဗေးနီးယားနဲ့ နီဗားဒါးပြည်နယ်တွေမှာ သူအပြတ်အသတ် ဦးဆောင်နေတယ်လို့ သတင်းမီဒီယာတွေက ကြေညာပြီးတဲ့နောက်မှာ အခုလို အောင်ပွဲခံနေကြတာပါ။ Joe Biden က သူ့ရဲ့မိန့်ခွန်းမှာ ...

“အမေရိကန်နိုင်ငံသားတွေက အဆုံးအဖြတ်ပေးခဲ့ပါပြီ။ ပြတ်ပြတ်သားသား အောင်ပွဲခံနိုင်ခဲ့ပါပြီ။ ဒီအောင်ပွဲက ကျေနာ်တို့ပြည်သူအားလုံးအတွက် ဖြစ်ပါတယ်။” လို့ ထည့်သွင်းပြောသွားပါတယ်။

သူ့ဇာတိ Delaware ပြည်နယ်၊ Wilmington မြို့ကနေ ပြောကြားတဲ့ မိန့်ခွန်းမှာ Joe Biden က အပြိုင်အဆိုင်မဲဆွယ်ကြတဲ့ ကာလအတွင်းမှာ ရှိခဲ့ကြတဲ့ နိုင်ငံတွင်း သဘောထားကွဲလွဲမှုတွေကို ပြန်ပြီး ကုစားနိုင်ဖို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ သူ့ကို ထောက်ခံသူတွေကိုရော သမ္မတ Trump ကို ထောက်ခံသူတွေကိုပါ တယောက်နဲ့တယောက် အပြန်အလှန် အခွင့်အရေးပေးကြဖို့ Mr. Biden က တိုက်တွန်းခဲ့ပါတယ်။

“အမေရိကမှာ ကြုံနေရတဲ့ ခေတ်ဆိုးကြီးကို အခု ဒီနေရာမှာပဲ အဆုံးသတ်လိုက်ကြပါစို့။”

SEE ALSO: ရွေးကောက်ပွဲရလဒ်နှင့် ကန်နိုင်ငံရေးရှေ့ခရီး

Mr. Biden က သူဟာ အမေရိကန်ပြည်သူတွေ အားလုံးအတွက် သမ္မတဖြစ်စေရမယ်လို့ ကတိပြု ပြောကြားခဲ့သလို ရှေ့ဆက် တိုင်းပြည်အတွက် သူဘာတွေလုပ်ဆောင်မယ် ဆိုတာကိုလည်း ချပြခဲ့ပါတယ်။

“ကပ်ရောဂါကို တိုက်ဖျက်ဖို့၊ နိုင်ငံ စည်ပင်ဝပြောဖို့၊ ကောင်းမွန်တဲ့ မိသားစု ကျန်းမာရေးစနစ်ရှိဖို့၊ လူမျိုးရေး မျှတမှုရှိဖို့ တိုက်ပွဲတွေ ဆင်နွှဲကြရဦးမှာပါ။ ဒီလိုပဲ ဥတုရာသီပြောင်းလဲမှုကို ထိန်းချုပ်ပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့၊ ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့နဲ့ တိုင်းပြည်တွင်း လူတိုင်း အခွင့်အရေးရရှိစေဖို့ လုပ်ဆောင်ရမယ့် တိုက်ပွဲတွေလည်း ရှိနေပါတယ်။”

ပန်ဆယ်လ်ဗေးနီးယားနဲ့ နီဗားဒါးပြည်နယ်တွေမှာ အနိုင်ရပြီးတဲ့နောက် Joe Biden က သမ္မတရွေးချယ်ရေးအဖွဲ့ရဲ့ မဲ ၂၇၉ မဲကို ရရှိထားပါတယ်။ မဲရေတွက်နေဆဲ ဂျော်ဂျီယာနဲ့ အရီဇိုးနားပြည်နယ်တွေမှာလည်း Joe Biden က ဦးဆောင်နေတာကြောင့် သမ္မတဖြစ်ဖို့ လိုအပ်တဲ့ မဲအရေအတွက် ၂၇၀ ထက် အများကြီး အသာရနိုင်ပါတယ်။ ဒီအပေါ်မှာ Delaware တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ David Redlawsk က...

“Mr. Biden ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က အားလုံး အတူပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၂၀၁၆ ရွေးကောက်ပွဲတုန်းက ရီပတ်ဘလစ်ကန်ကို ထောက်ခံခဲ့တဲ့ ပြည်နယ်အတော်များများ သူ့ဘက်ပါလာအောင် Mr. Biden က ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။” လို့ ပြောပါတယ်။

သမ္မတ Donald Trump ကတော့ စနေနေ့မှာ ဂေါက်သွားရိုက်နေခဲ့ပြီး လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့ပါတယ်။ တွစ်တာစာမျက်နှာမှာတော့ မဲအများစုနဲ့ သူအနိုင်ရတယ်လို့ Donald Trump က ရေးသားခဲ့ပါတယ်။

Mr. Trump က သူရှုံးနိမ့်တာကို ဝန်မခံသေးပေမယ့် ကမ္ဘာ့ခေါင်းဆောင်တွေကတော့ Mr. Biden ကို ရွေးကောက်ခံ သမ္မတအဖြစ် ချီးကျူးဂုဏ်ပြုနေကြပြီ ဖြစ်ပါတယ်။

Donald Trump ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့ကတော့ Mr. Biden ဟာ အနိုင်ရသူအဖြစ် အလောတကြီး ဟန်ဆောင်နေတယ်လို့ ပြောပါတယ်။ တရားစွဲဆိုမှုတွေ ပြုလုပ်မယ်လို့လည်း ပြောပါတယ်။ Vanderbilt တက္ကသိုလ်က ကျွမ်းကျင်သူ Jeff Bennett ကတော့ ရွေးကောက်ပွဲရလဒ် ပြောင်းလဲနိုင်ဖွယ် မရှိဘူးလို့ သုံးသပ်ပါတယ်။

“တရားရုံးက ထုတ်ပြန်ထားတဲ့ အမိန့်တွေ ရှိနေပေမယ့်လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ လောလောဆယ် ဖြစ်ပျက်နေတာတွေကို ပြောင်းလဲပစ်ဖို့ မလုံလောက်ပါဘူး။”

Joe Biden ကို ထောက်ခံသူတွေက လာမယ့်သီတင်းပတ်တွေမှာ အောင်ပွဲခံနေကြမယ့် အချိန်မှာပဲ သမ္မတရွေးချယ်ရေး အဖွဲ့ဝင်တွေကလည်း ဒီဇင်ဘာလလယ်မှာ သမ္မတအသစ်နဲ့ ဒုသမ္မတအသစ်ကို တရားဝင်မဲပေးကြမှာ ဖြစ်ပါတယ်။ Joe Biden နဲ့ Kamala Harris တို့ ကျမ်းသစ္စာကျိန်ဆိုမယ့် ၂၀၂၁ ဇန်နဝါရီ ၂၀ အထိ သမ္မတ Trump က အိမ်ဖြူတော်မှာ ဆက်ပြီး ရှိနေဦးမှာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ဒုသမ္မတဖြစ်လာမယ့် Kamala Harris က ပထမဆုံး အမျိုးသမီး ဒုသမ္မတဖြစ်သလို လူဖြူမဟုတ်တဲ့ အသားအရောင်ရှိ ပထမဆုံး အမေရိကန် ဒုသမ္မတလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

နိုင်ငံတွင်း သဘောကွဲမှုများ ပြန်ကုစားဖို့ Joe Biden တိုက်တွန်း

----------------------------

(Unicode)






“အမရေိကမှာ ကွုံနရေတဲ့ ခတျေဆိုးကွီးကို အခု ဒီနရောမှာပဲ အဆုံးသတျလိုကျကွပါစို့။”

SEE ALSO: Joe Biden ကို နောက်တက်လာမယ့် ကန်သမ္မတအဖြစ် ကမ္ဘာ့ခေါင်းဆောင်တွေ ဂုဏ်ပြုကြိုဆို









