မြန်မာ့ပြဿနာဖြေရှင်းရေး နိုင်ငံတကာကိုယ်စားလှယ်ထားဖို့ PPST စီစဉ်နေ

PPST အွန်လိုင်းအစည်းအဝေး (၂၈-၀၅-၂၁/ဓာတ်ပုံ-NCA S-EAO/fb)

{{Zawgyi/Unicode}}

မြန်မာ့နိုင်ငံရေးပြဿနာကို အာဆီယံအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိုယ်စားလှယ်တယောက်ထားဖို့ စီစဉ်နေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကပြောလိုက်ပါတယ်။ မြန်မာ့အရေး ဝိုင်းဖြေရှင်းပေးဖို့ NCA လက်မှတ်ထိုးစဉ်က အသိသက်သေလုပ်ခဲ့တဲ့ နိုင်ငံတွေဆီကိုလည်း စာပေးပို့ တောင်းဆိုထားတယ်လို့ NCA လက်မှတ်ထိုး ၆ နှစ်ပြည့်မှာ PPST ကပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းအပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းကို ဝိုင်းဝန်းအဖြေရှာဖို့ အာဆီယံအပါအဝင် နိုင် ငံတကာအသိုင်းအဝိုင်းရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ကြိုဆိုကြောင်းနဲ့ တတ်နိုင်သမျှ ပူးပေါင်း၊ ဆောင် ရွက်သွားမယ်လို့ အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်ထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က လက်မှတ်ထိုးတာ ၆ နှစ်ပြည့်တဲ့ ဒီနေ့ အောက်တိုဘာ ၁၅ ရက်မှာ ပြောလိုက်တာပါ။

မြန်မာ့အရေးကို အားလုံး ဝန်းရံဖြေရှင်းပေးဖို့အတွက် လက်မှတ်ထိုးစဉ်က အသိသက်သေအဖြစ် ပါဝင်ခဲ့တဲ့ နိုင်ငံတွေကို စာပေးပို့ပြီး တောင်းဆိုခဲ့ကြောင်းနဲ့ ကိုယ်စားလှယ်တယောက်ထားပြီး ဆက်သွယ်ဆောင် ရွက်ဖို့ စီစဉ်နေကြောင်း NCA လက်မှတ်ထိုးအဖွဲ့တွေ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ ပြောခွင့်ရ ရဲဘော်မျိုးဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ဒီနိုင်ငံရေးပြဿနာကို အားလုံးဝန်းရံ ဖြေရှင်းပေးဖို့အတွက်ပေါ့နော်၊ အာဆီယံအပါအဝင် နိုင် ငံတကာ အသိသက်သေအားလုံးကို စာပို့ပြီးတော့မှ တောင်းဆိုထားတယ်၊ ဆွေးနွေးနေတယ်၊ ညှိနှိုင်းနေတယ်။ တချို့တုံ့ပြန်မှုတွေလည်း ကောင်းတာပေါ့နော်၊ နိုင်ငံတကာရဲ့ တုံ့ပြန်မှု၊ ပံ့ပိုးမှု၊ ဆောင်ရွက်မှုတွေ။ အဲဒီအတွက်ကိုလည်းပဲ တာဝန်ယူဆောင်ရွက်ဖို့ PPST အနေနဲ့ ကိုယ်စားလှယ်တဦး ခန့်အပ်ပြီးတော့မှ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့အတွက်ကို ကြိုးပမ်းနေတာရှိပါတယ်။”

သမ္မတဦးသိန်းစိန်လက်ထက် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးစဉ်က ကုလသမဂ္ဂ၊ EU ဥရောပသမဂ္ဂ၊ အာဆီယံ၊ တရုတ်၊ ဂျပန်၊ အိန္ဒိယနိုင်ငံတွေက သက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ကုလသမဂ္ဂ၊ အီးယူ၊ အမေရိကန်၊ တရုတ် စတဲ့ နိုင်ငံတကာရဲ့ဝန်းရံပံ့ပိုးမှုက အရေးပါပေမဲ့ လက်တွေ့မှာ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံမလာနိုင်တာက အခက်အခဲတခုလို့ သူကမြင်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ အထွေထွေအကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် ဘုံနိုင်ငံရေးရည်မှန်းချက် ၇ ချက်ကိုလည်း NCAလက်နက်ကိုင် ၁၀ ဖွဲ့က ဒီနေ့ ပူးတွဲထုတ်ပြန်ထားပါတယ်။ ဒီအချက်တွေထဲမှာ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားတဲ့သူတွေကို အမြန်ဆုံးပြန်လွှတ်ဖို့နဲ့ နိုင်ငံရေးအမမြင်မတူညီမှုတွေကို အမြန်ဆုံး ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းထားတာပါ။

“နိုင်ငံရေးဆန္ဒရှိမှပဲ တွေ့ဆုံဆွေးနွေးရေးက အောင်မြင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတိုင်းပြည်အတွက်တော့ ကျနော်တို့ ယုံကြည်ထားတာကတော့ ပြည်သူလူထုအတွက်ရော အားလုံးအတွက်ရော အကောင်းဆုံးနည်းလမ်းကတော့ စေ့စပ်ဆွေးနွေး အဖြေရှာဖို့အတွက်က အဖြစ်သင့်ဆုံးပဲလို့ ကျနော်တို့ ယုံကြည်ပြီးတော့ အားလုံးဝိုင်းပြီးတော့ ဒီအခြေအနေရောက်အောင် ကြိုးပမ်းကြရမှာပေါ့နော်။”

PPST အဖွဲ့ဝင် NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့လုံးက စာချုပ်ပါအနှစ်သာရအတိုင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့ အခြေခံမူကို ဆက်လက် ဆွဲကိုင်ရပ်တည် သွားမယ်လို့ ပြောပါတယ်။

စစ်ကောင်စီကို နိုင်ငံရေးအရ အသိအမှတ်မပြုနိုင်တဲ့အတွက် NCA နဲ့ဆိုင်တဲ့လုပ်ငန်းတွေ၊ နိုင်ငံရေး ဆွေးနွေးမှုတွေကို ယာယီရပ်ဆိုင်းထားမယ်ဆိုပြီး အဖွဲ့ဝင်တွေက အစောပိုင်းမှာ သဘောထားအသီးသီး ထုတ်ပြန်ခဲ့တာရှိပါတယ်။ ဒါပေမဲ့ NCA ပါ သဘောတူညီချက်တွေက ပျက်ပြယ်သွားပြီလို့တော့ ပြောဆိုကြတာ မရှိသေးဘဲ နိုင်ငံရေးနည်းလမ်းအတိုင်း ဖြေရှင်းပေးဖို့ စစ်ကောင်စီကို တိုက်တွန်းနေကြတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလို့ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာတွေကို အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အတိုင်း ဖြေရှင်းနိုင်ဖို့အတွက် အမေရိကန်အပါအဝင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ စတဲ့ နိုင်ငံတကာက ဆက်လက်တိုက်တွန်းနေကြပါတယ်။

Your browser doesn’t support HTML5

မြန်မာ့ပြဿနာဖြေရှင်းရေး နိုင်ငံတကာကိုယ်စားလှယ်ထားဖို့ PPST စီစဉ်နေ


=========

{{Unicode}}










