ပုပ်ရဟန်းမင်းကြီးရဲ့ မြန်ပြည်ခရီးစဉ်

ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် မကြာခင် ရက်ပိုင်း အတွင်းမှာဘဲ မြန်မာနိုင်ငံကို ဒေသစာရီ ကြွချီလာတာကို ဖူးမြော်ဖို့ အနယ်နယ် အရပ်ရပ်က ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေ ရန်ကုန်မြို့တော်ကို သွားဖို့ စိုင်းပြင်းနေကြပါတယ်။ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေး အခက်တွေ့နေကြတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကို ပုပ်ရဟန်းမင်းကြီး ကြွချီမှာ ဖြစ်ပြီး ဒီကိစ္စ အပေါ် ရဟန်းမင်းကြီး ဘယ်လို ချဉ်းကပ်မလဲ ဆိုတဲ့ အပေါ်မှာလည်း အများစုက စိတ်ဝင်စားနေကြတာပါ။ AFP သတင်းဆောင်းပါးကို အခြေခံပြီး မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

မြန်မာပြည်ကို လာမယ့် တနလာၤနေ့မှာ ရောက်ရှိလာမယ့် ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နေပြည်တော်မှာ နိုင်ငံ အကြီးအကဲတွေနဲ့ အရင်တွေ့ဆုံမှာပါ။ ဒီနောက်မှာတော့ ရန်ကုန်မြို့မှာ လူထု ၂ သိန်းနဲ့ ဆုတောင်းပွဲကို တက်ရောက်နိုင်ဖို့ အနယ်နယ် အရပ်ရပ်က ကက်သလစ် ဘာသာဝင်တွေ စိတ်အားထက်သန်နေကြတာ ဖြစ်ပါတယ်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့က ကက်သလစ် ခရစ်ယာန် ဘုရားကျောင်းလေးမှာ ဝတ်ပြုနေကြသူတွေကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ ပထမဆုံးမြန်မာပြည် ခရီးစဉ်မှာ ဖူးမြော်ခွင့်ရဖို့ ရန်ကုန်ကို သွားကြမှာပါ။ ဒေါ်ရှုရင်ကတော့ ပုပ်ရဟန်းမင်းကြီးကို ဖူးတွေ့ခွင့်ရဖို့ သိပ်ကို စိတ်လှုပ်ရှားနေတာပါ။

"ကျမတို့ဆိုရင် အရမ်းကိုစိတ်လှုပ်ရှား အရမ်းကို မျှော်လင့်နေတယ်ပေါေ့နာ်။ ဘာကြောင့်လဲဆိုတော့ ပုပ်ရဟန်းမင်းကြီးကို TV ကပဲ ဖူးနေရတာလေ။"

ကက်လသလစ် ခရစ်ယာန် ဘာသာဝင် လူနည်းစု ဖြစ်တဲ့ မြန်မာနိုင်ငံကို ပုပ်ရဟန်းမင်းကြီး အခုလို ကြွချီလာမယ့် အပေါ် သိပ်ကို ပျော်ရွှင်ရတယ်လို့လည်း ဦးGregory က ပြောပါတယ်။

"တအားလည်းပျော်တယ်ပေါ့နော် ဒါက ပထမဆုံးခရီးစဉ်လည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ အရမ်းကို တက်တက်ကြွကြွ ပါဝင်ချင်တယ်ပေါ့နော်။"

ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ရိုဟင်ဂျာ မူဆလင်တွေ ဖိနှိပ် ချုပ်ချယ်ခံရမှုနဲ့ ပတ်သက်ပြီးလည်း မကြာခဏ ဆိုသလို ထောက်ပြ ပြောဆိုနေတာ ဖြစ်ပြီး လတ်တလောမှာလည်း ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းကျော်လောက် ထွက်ပြေးရမှုနဲ့ ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ကလည်း တိုက်ဆိုင်နေတာပါ။ ဒါပေမယ့် မြန်မာ လူထုကရော၊ အစိုးရဘက်ကရော လက်မခံတဲ့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို မသုံးဖို့လည်း တိုက်တွန်းခံထားရတာ ဖြစ်ပါတယ်။ ဒီအပေါ် ဘားအံ ကက်သလစ် ဘုရားကျောင်းရဲ့သင်းအုပ် ဆရာတော် Martinus မြင့်စိုး က အခုလို ပြောပါတယ်။

"နိုင်ငံရေးထက် ဘာသာရေးကတော့ သိပ်ပြီး နူးညံ့သိမ်မွေ့တဲ့အရာဖြစ်တယ်။ Very Deligate လေ။ အခုက ရခိုင်အရေးကလည်း ပြင်းထန်နေတဲ့အချိန်မှာ ပုပ်ရဟန်းမင်းကြီးကလည်း ဘာတွေပြောမလဲဆိုတာ သူသိပါတယ်။"

ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis မြန်မာနိုင်ငံကို ရှေ့သတင်းပတ် နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ စတင်မယ့် ၃ ရက်ကြာ ခရီးစဉ် အတွင်းမှာတော့ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးခြားစီ တွေ့ဆုံမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့မှာတော့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေမှာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နဲ့ သီးသန့်တွေ့ဆုံပြီး စိန့်မေရီ ဘုရားကျောင်းမှာတော့ ခရစ်ယာန် ဂိုဏ်းအုပ် ဆရာတော်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာဘဲ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ လူထု ဆုတောင်းပွဲကိုလည်း ကျင်းပမှာ ဖြစ်ပြီး ခရီးစဉ် နောက်ဆုံးနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာတော့ လူငယ်တွေနဲ့တော့ စိန့်မေရီ ဘုရားကျောင်းမှာ တွေ့ဆုံမယ်လို့ ဗာတီကန် နန်းတော်က ထုတ်ပြန်ပါတယ်။ ပုပ်ရဟန်းမင်းကြီး Francis ရဲ့ အခု မြန်မာနိုင်ငံ ခရီးစဉ်က ပုပ်ရဟန်းမင်းကြီး တပါးရဲ့ ပထမဆုံးသော မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။ မြန်မာ ခရီးစဉ် အပြီးမှာတော့ ပုပ်ရဟန်းမင်းကြီးက ဘင်္ဂလားဒေရှ့် နိုင်ငံကို ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ပုပ်ရဟန်းမင်းကြီးရဲ့ မြန်ပြည်ခရီးစဉ်