(Zawgyi)
ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis က နှစ်သစ်ကူးနေ့အဖြစ် မိန့်ကြားရာမှာ ကမ္ဘာတလွှား ငြိမ်းချမ်းရေးအတွက် အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုတွေကို ချီးကျူးလိုက်ပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာဟာ ဘုရားသခင်ကို ဆန့်ကျင်ရာရောက်တဲ့ လုပ်ရပ်အဖြစ်နဲ့လည်း ကက်သလစ် ခရစ်ယာန်ကျောင်းတော်က ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ရည်စူးသတ်မှတ်ထားတဲ့ ဇန်နဝါရီလ ၁ ရက် နှစ်သစ်ကူးနေ့ စနေနေ့ အစောပိုင်းက ဗာတီကန်မှာရှိတဲ့ St. Peter's Basilica ကျောင်းက အခမ်းအနားမှာ ပုပ်ရဟန်းမင်းကြီး မိန့်ကြားခဲ့တာပါ။
မိခင်တွေဟာ အခက်အခဲတွေ၊ သဘောထားကွဲလွဲမှုတွေကို ကျော်လွှားပြီး ငြိမ်းချမ်းရေးကို ပြုစုပျိုးထောင်တတ်သူတွေ ဖြစ်သလို ပြဿနာတွေကို အခွင့်အလမ်း ကောင်းတွေအဖြစ် ပြောင်းလဲပြီး ပြန်လည်မွေးဖွား ရှင်သန်အောင် လုပ်နိုင်စွမ်းရှိသူတွေ အဖြစ်နဲ့လည်း ချီးကျူးခဲ့ပါတယ်။
လူ့ဘဝရဲ့ ကွဲပြားခြားနားမှုတွေကို အတူတကွ စုစည်းနိုင်စွမ်းရှိတဲ့ အမျိုးသမီးတွေကို အားလုံးက ကာကွယ်စောင့်ရှောက်ကြဖို့လည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့တာပါ။
ပုပ်ရဟန်းမင်းကြီးအဖြစ် တာဝန်ယူစဉ် ကက်သလစ်သာသနာမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ ကတိပြုထားပေမယ့် ရဟန်းအဖြစ်ကိုတော့ အမျိုးသားတွေ တာဝန်ယူဖို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောကြားထားပါတယ်။
နှစ်သစ်ကူးနေ့ အခမ်းအနားမတိုင်ခင် အစောပိုင်း Twitter လူမှုကွန်ရက်ကနေ အမှာစကား ပါးရာမှာတော့ လူတဦးချင်း တယောက်ချင်း၊ မိသားစုတွေ၊ လူမှုအသိုင်းအဝန်းတွေနဲ့ တိုင်းပြည်တွေကြား ရင်ထဲ အသည်းထဲကနေ အတူတကွ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို ထူထောင်ကြဖို့လည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့တာပါ။
စနေနေ့ အခမ်းအနားမှာတော့ ပုပ်ရဟန်းမင်းကြီးနဲ့ ဓမ္မတေးသီဆိုသူတွေက လွဲလို့ အခမ်းအနား တက်ရောက်သူတွေ ကိုဗစ်ရောဂါ ကာကွယ်တဲ့အနေနဲ့ နှာခေါင်းစည်းတွေ ဝတ်ဆင်ခဲ့ကြရပါတယ်။
Your browser doesn’t support HTML5
------------------------
(Unicode)