နှစ်နိုင်ငံကြား တင်းမာနေတဲ့ အခြေအတွေ လျော့ကျသွားအောင် အမေရိကန်ပြည်ထောင်စု အနေနဲ့ စည်းမျဉ်းစည်းကမ်း ကြိုတင်သတ်မှတ် မထားဘဲ အီရန်နိုင်ငံနဲ့ ဆွေးနွေးလိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
ဒါပေမယ့်လည်း အီရန်ဘက်ကတော့ ဒီအခြေအနေအပေါ် သိပ်ပြီး မျှော်လင့်တာမျိုး မရှိပါဘူး။ ကြိုတင်စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်မထားဘဲ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေသလို အတူတွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ပါပဲလို့ ဝန်ကြီး Pompeo က ဆွစ်ဇာလန်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောတာပါ။
ဒါပေမယ့်လည်း အီရန်အစိုးရ၊ တော်လှန်ရေးတပ်ရဲ့ ဆိုးရွားတဲ့လုပ်ရပ်တွေကို ဟန့်တားဖို့အတွက်တော့ အမေရိကန်အနေနဲ့ ဆက်ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ နိုင်ငံတကာအဝန်းအဝိုင်းအတွင်း ရပ်တည်နေကြတဲ့ နိုင်ငံတွေလိုပဲ အီရန်အနေနဲ့ ပုံမှန်ပြုမူကျင့်ကြံ နေထိုင်သွားမယ်ဆိုတာကို သက်သေပြမယ်ဆိုရင်တော့ အမေရိကန်ဘက်ကလည်း တွေ့ဆုံဆွေးနွေးဖို့ အသေအချာ ပြင်ဆင်နေမှာဖြစ်ကြောင်း Mike Pompeo က ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ကတော့ အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်လာနိုင်ခြေ အလွန်နည်းကြောင်း အမေရိကန် ABC ရုပ်သံသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားသွားပါတယ်။ တွေ့ဆုံ ဆွေးနွေးဖို့ဟာ ဖိအားဆက်ပေးတဲ့ နည်းလမ်းတခုသာဖြစ်ပြီး ဒါဟာ အိမ် ခြံ မြေရောင်းဝယ်ရာမှာ သုံးရင် အလုပ်ဖြစ်နိုင်ပေမယ့် အီရန်နဲ့ ညှိနှိုင်းရာမှာတော့ ဒီနည်းလမ်းဟာ အလုပ်မဖြစ်နိုင်ကြောင်းလည်း သူက ပြောပါတယ်။
Your browser doesn’t support HTML5