အင်းစိန်ထောင်ရှိ နိုင်ငံရေး အကျဉ်းသား ၂၂ ဦး ဆန္ဒပြ

အင်းစိန်ထောင်ရှိ နိုင်ငံရေး အကျဉ်းသား ၂၂ ဦး ဆန္ဒပြ

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရန်ကုန် အင်းစိန်အကျဉ်းထောင် အတွင်းမှာ နိုင်ငံရေး အကျဉ်းသား ၂၂ ယောက် ထောင်တွင်း အကျဉ်းသားရပိုင်ခွင့် အခွင့်အရေးကို တောင်းဆိုတဲ့ အနေနဲ့ ဒီကနေ့ စတင် ဆန္ဒပြနေကြပါတယ်။ သူတို့ တောင်းဆိုထားတဲ့ အကျဉ်းသားရပိုင်ခွင့် အခွင့်အရေးတွေကို အာဏာပိုင်တွေဆီ ဒီမနက် ပေးပို့ခဲ့ပြီး သတ်မှတ်ထားတဲ့ အချိန်အတွင်း တစုံတရာ တုံ့ပြန်တာ မရှိရင်တော့ အစာငတ်ခံ ဆန္ဒပြမှုတွေကို ဆက်ပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ AAPP-B နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

နိုင်ငံရေးအကျဉ်းသား ၂၂ ယောက်ဟာ ထောင်တွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ အပါအဝင် ကျွေးတဲ့ အစားအသောက်တွေဟာ ကျန်းမာရေးနဲ့အညီ သန့်ရှင်းလတ်ဆတ်မှု မရှိတာ၊ အကျဉ်းထောင် အတွင်းမှာ ကူးစက်ရောဂါ ဖြစ်ပွားမှုနဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့် အလုံအလောက် မရရှိမှု၊ ပြီးတော့ စာအုပ်စာပေ လွတ်လပ်စွာ ဖတ်ရှုခွင့် စတဲ့အချက်တွေကို တောင်းဆိုတဲ့ အနေနဲ့ ဒီကနေ့ကစလို့ အခန်းပြင်မထွက်ဘဲ ဆန္ဒပြနေကြတယ်လို့ အင်းစိန်ထောင် အနီးမှာနေတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုနဲ့ နီးစပ်သူတဦးက အတည်ပြု ပြောဆိုပါတယ်။

အခု ဆန္ဒပြသူ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ နှစ်ရှည် နိုင်ငံရေး အကျဉ်းသားတွေလည်း ပါဝင်ပါတယ်။ သူတို့အနေနဲ့ ဒီတောင်းဆိုချက်တွေကို အာဏာပိုင်တွေထံ ဒီမနက်မှာ တင်ပြခဲ့ကြပြီး ညနေမှာ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိရင် မနက်ဖြန်ကစလို့ အစာငတ်ခံ ဆန္ဒပြသွားမှာ ဖြစ်တယ်လို့လည်း AAPP က သတင်းထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့ အခုလို တောင်းဆိုရတာဟာ သူတို့ရဲ့ အခြေခံ ရပိုင်ခွင့်တွေကိုတောင် မရရှိဘဲ ဆုံးရှုံးနေရလို့ ဖြစ်တယ်လို့ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

“အခု သူတို့ တောင်းဆိုတယ်ဆိုတဲ့ ကိစ္စတွေက တကယ်တမ်းကျတော့ အမြင့်ကြီး တောင်းဆိုတာ မဟုတ်ပါဘူး။ ဒါ အကျဉ်းဦးစီးဌာနရဲ့ လုပ်ပိုင်ခွင့် ဘောင်ထဲက တောင်းဆိုတာ ဖြစ်တယ်။ အဲဒီ လုပ်ပိုင်ခွင့်ဘောင် ဆိုတာကလည်း အကျဉ်းထောင်လက်စွဲ ဥပဒေအရ အကျဉ်းသားတွေရဲ့ ရသင့် ရထိုက်တဲ့ အခွင့်အရေးကို တောင်းဆိုတာ ဖြစ်ပါတယ်။

“ဆိုတော့ အဲဒီအတွက် သူတို့က အကျဉ်းသားတယောက်ရဲ့ ရပိုင်ခွင့်၊ လူတယောက်ရဲ့ ရပိုင်ခွင့်ကို တောင်းဆိုတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ တောင်းဆိုချက်တွေက တကယ်ကို မလွန်ကျူးဘူးလို့ ပြောလို့ရပါတယ်။ တကယ့် အခြေခံ အချက်အလက်တွေကိုပဲ သူတို့အနေနဲ့ တောင်းဆိုသွားတာ ဖြစ်ပါတယ်။ ဒီအခြေခံ အချက်အလက်တွေကိုတောင် မရတဲ့အတွက် သူတို့က အခုလို တောင်းဆိုရတဲ့ အခြေအနေ ဖြစ်လာတာပါ။”

ဒါ့အပြင် အင်းစိန်ထောင်မှာပဲ နိုင်ငံရေး အကျဉ်းသူတွေကလည်း သမ္မတ ဦးသိန်းစိန်ရဲ့ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ကို မကျေနပ်တဲ့အတွက် မေလ ၁၇ ရက်နေ့စပြီး အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ပြောင်းလာပြီးတဲ့နောက် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးလိမ့်မယ်လို့ ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ မြန်မာ့အရေး လှုပ်ရှားသူ အားလုံးက မျှော်လင့်နေခဲ့ကြတာပါ။ မျှော်လင့်သလို ဖြစ်မလာဘဲ အကျဉ်းသား ၁၅,၀၀၀ နီးပါး ပြန်လွှတ်ပေးခဲ့တဲ့ အထဲမှာ လွတ်ရက်စေ့ခါနီး နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ပါဝင်နေတဲ့အတွက် ဒီအပေါ် ကျေနပ် အားရစရာ မရှိဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာဖို့ အတွက်ကိုလည်း ဒီ နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုအပ်တယ်ဆိုပြီး အားလုံးက မြန်မာအစိုးရကို တိုက်တွန်းနေကြတာပါ။ ဒါပေမဲ့လည်း စစ်အစိုးရ တက်လာပြီးချိန်ကစလို့ အခု အရပ်သားအစိုးရ ပြောင်းတဲ့အထိ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ပြောဆိုနေတာ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP-B ရဲ့ ဒီလဆန်းပိုင်းက ထုတ်ပြန်ခဲ့တဲ့ စာရင်းအရ အင်းစိန်ထောင်တွင်းမှာ နိုင်ငံရေး အကျဉ်းသား ၄၂၀ ရှိပြီး အမျိုးသမီးက ၃၀ ကျော် ရှိပါတယ်။ မြန်မာတနိုင်ငံလုံး အနေနဲ့ကတော့ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂,၀၆၁ ဦး အကျဉ်းကျခံနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။