အမေရိကန်နဲ့ပိုလန် ဒုံးလက်နက်ကာကွယ်ရေး သဘောတူစာချုပ် လက်မှတ်ထိုး

ပိုလန်နိုင်ငံမှာ အမေရိကန်ဒုံးကျည် ကြားဖြတ်ကာကွယ်ရေးစနစ်အခြေစိုက်စခန်း ထားရှိရေးအပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေအတွက် ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှု ကာကွယ်ရေးဆိုင်ရာ သဘောတူ စာချုပ်တရပ်ကို ပိုလန်နဲ့ အမေရိကန် နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ပိုလန်နိုင်ငံ ကရာကော (Krakow) မြို့မှာ စနေနေ့ကလုပ်ခဲ့တဲ့ လက်မှတ်ရေးထိုးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နဲ့ ပိုလန်နိုင်ငံခြားရေးဝန်ကြီး ရာဒိုစလော် စီကောစကီးတို့ (Radoslaw Sikorski) တို့ တက်ရောက်ခဲ့ကြပါတယ်။

အရင် ဆိုဗီယက်ပြည်ထောင်စုရဲ့ဒေသ ဖြစ်ခဲ့ဖူးတဲ့နိုင်ငံ ဒါမှမဟုတ် မဟာမိတ်ဖြစ်ခဲ့တဲ့နိုင်ငံ ငါးနိုင်ငံ ဆီကို ဝန်ကြီးကလင်တန်က လေးရက်ကြာခရီး သွားရောက်နေတာဖြစ်ပါတယ်။

သူဟာ ပိုလန်ကိုမသွားခင် ယူကရိန်းနိုင်ငံကို သွားရောက်ခဲ့ပြီး အခုအချိန်မှာ အဇာဘိုင်ဂျန် (Azerbaijan) နိုင်ငံမြို့တော် Baku ကို ရောက်နေပြီဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ အာမေးနီးယားနဲ့ ဂျော်ဂျီယာနိုင်ငံတွေကိုလည်း သွားရောက်ဖို့ရှိပါတယ်။

အခု အမေရိကန်နဲ့ ပိုလန်တို့ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူစာချုပ်ဟာ အရင်က ရုရှားနိုင်ငံက ကန့်ကွက်ခဲ့တဲ့ ဥရောပဒေသမှာ ဒုံးကျည်ကာကွယ်ရေးစနစ် ထားရှိမယ့် အစီအစဉ်ကို ပြန်လည် ပြင်ဆင် ရေးဆွဲထားတာဖြစ်ပါတယ်။

ရုရှားကကန့်ကွက်တဲ့ တာဝေးပစ်ဒုံးကျည်အစား တာလတ်နဲ့ တာတိုပစ်ဒုံးကျည်တွေကို အဓိက ကာကွယ်ဖို့ဖြစ်ပါတယ်။ ရုရှားက ဒီအစီအစဉ်ကို ဆက်လက် ဆန့်ကျင်နေတာပါ။ ဒါပေမဲ့ ဝန်ကြီး ကလင်တန်ကတော့ ဒါဟာ ကာကွယ်ရေးစနစ်သက်သက်ပဲဖြစ်ပြီး ရုရှားနိုင်ငံကို ပစ်မှတ်ထားတာမျိုး မဟုတ်ဘူးလို့ အဓိကထား ပြောကြားခဲ့ပါတယ်။