ဖိလစ်ပိုင်သင်္ဘော တရုတ်တိုက်မိရာကနေ တင်းမာမှုမြင့်

တောင်တရုတ်ပင်လယ်ပြင်မှာ တွေ့ရတဲ့ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သဘောၤ (အောက်တိုဘာ၊ ၃၀၊ ၂၀၁၆)

ရေပိုင်နက်အငြင်းပွားမှုတွေ ရှိနေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောကို တရုတ်သင်္ဘောတစီးက ဝင်တိုက်မိခဲ့တယ်ဆိုတာကို တရုတ်အစိုးရက အတည်ပြုပေမဲ့ တိုက်ပြီး ရှောင်ပြေးသွားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုတော့ ငြင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်မှာ တိုက်မိတဲ့ အရှိန်ကြောင့် Reed Bank ကျွန်းအနီး ဖိလစ်ပိုင် ငါးဖမ်းသင်္ဘော နစ်မြှုပ်သွားခဲ့ပေမဲ့ တရုတ်သင်္ဘောက လှည့်မကြည့်ဘဲ ရှောင်ပြေး ထွက်သွားခဲ့တယ်လို့ ဆိုပြီး ဖိလစ်ပိုင်အစိုးရအာဏာပိုင်တွေနဲ့ ဖိလစ်ပိုင်သတင်းတွေမှာ ဒေါသတကြီး တုံ့ပြန်ပြောဆိုနေကြတာပါ။

အခုကိစ္စနဲ့ပတ်သက်လို့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ကလည်း အလေးအနက် တုံ့ပြန်ပြောဆိုတာမျိုး မလုပ်ဘဲ ရှိနေတဲ့တချိန်တည်းမှာပဲ ဖိလစ်ပိုင်အများစုကတော့ တရုတ်ရဲ့လုပ်ရပ်အပေါ် အကြီးအကျယ် ဒေါသထွက် ကန့်ကွက်နေကြတာပါ။

မနီလာမြို့မှာရှိတဲ့ တရုတ်သံရုံးကတော့ တရုတ်သင်္ဘောဟာ ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောကို တိုက်မိခဲ့ပြီးတဲ့နောက် ဖိလစ်ပိုင်ငါးဖမ်းသမားတွေကို ကယ်ဆယ်ဖို့ ကြိုးစားခဲ့တဲ့အကြောင်း ဒါပေမဲ့လို့ တခြား ဖိလစ်ပိုင် ငါးဖမ်းသင်္ဘောတွေ ရောက်လာပြီး အန္တရာယ်ပြုမှာကို စိုးရိမ်ရတဲ့အတွက် ထွက်သွားခဲ့ရပြီး တာဝန်မဲ့ ရှောင်ပြေးသွားတာ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။

ဒါပေမဲ့ ဖိလစ်ပိုင် ငါးဖမ်းသမား ၂၂ ယောက်ကတော့ သူတို့ကိုကယ်ဖို့ ကြိုးစားခဲ့တယ်ဆိုတာ မမှန်ကန်ကြောင်းနဲ့ သူတို့တွေဟာ ပင်လယ်ပြင်မှာ နာရီနဲ့ချီပြီး ကယ်မယ့်သူကို စောင့်ခဲ့ရပြီး နောက်ဆုံး ဗီယက်နန်သင်္ဘောတစီးက သူတို့ကို ကယ်တင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ကတော့ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပါတယ်။

မနီလာနိုင်ငံခြားရေးဝန်ကြီး Teodoro Loscin ကလည်း ဖိလစ်ပိုင် ငါးဖမ်းသင်္ဘော နစ်မြှုပ်သွားခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကို သံတမန်ရေးအရ ကန့်ကွက်ထားတဲ့ အကြောင်း ဒီသီတင်းပတ်ထဲမှာပဲ ပြောဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရကတော့ အခုဖြစ်ရပ်ဟာ ပင်လယ်ပြင်မှာ မတော်တဆဖြစ်လေ့ရှိတဲ့ သာမန် ဖြစ်ရပ်တခုသာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ဖိလစ်ပိုင်သင်္ဘော တရုတ်တိုက်မိရာကနေ တင်းမာမှုမြင့်