ဖိလစ်ပိုင်မြို့တော် အဝင်အထွက် ပိတ်ပင်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် တရုတ်၊ ဟောင်ကောင်နှင့် မကာအိုတို့မှာ ခရီးသွားများအား ပိတ်ပင်သည့် သတင်း ဖတ်ရှုနေသူတဦး။ (ဖေဖော်ဝါရီ ၃၊ ၂၀၂၀)

(Zawgyi / Unicode)

ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် လူဦးရေ ၁၂ သန်းရှိတဲ့ မြို့တော်မနီလာမှာ အသွားအလာ အဝင်အထွက်တွေကို ပိတ်လိုက်ပါတယ်။

မြို့တော်ရဲ့ အဓိကလမ်းမကြီးတွေကို ရဲက ပိတ်ဆို့ထားသလို မနီလာမြို့ကို ပျံသန်းနေတဲ့ ပြည်တွင်းလေယာဉ်ခရီးစဉ်တွေကိုလည်း ဒီကနေ့ တနင်္ဂနွေ အစောပိုင်းကစပြီး တလကြာ ရပ်ဆိုင်းထားပါတယ်။

လူစုလူဝေးပွဲတွေကို ဖျက်သိမ်းထားပြီး စာသင်ကျောင်းတွေကိုတော့ ဧပြီလ ၁၂ ရက်နေ့ထိ ပိတ်ထားတာပါ။

ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၁၁ ဦးရှိနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာတဲ့အတွက် ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ ခုလိုလုပ်ဆောင်တာ ဖြစ်ပါတယ်။

အခုလို အသွားအလာတွေ ပိတ်ထားတယ်ဆိုပေမယ့် အလုပ်ဆင်းဖို့ လိုအပ်တဲ့သူတွေကိုတော့ စစ်ဆေးရေးဂိတ်တွေမှာ အစစ်ဆေးခံပြီး သွားခွင့်ပြုထားပါတယ်။ ကျန်လူတွေကိုတော့ အိမ်မှာပဲနေကြဖို့ တိုက်တွန်းလိုကြောင်း ပြည်ထဲရေးဝန်ကြီး Eduardo Ano က မနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အဝင်အထွက် ကန့်သတ်ချက်တွေ ဒီကနေ့ တနင်္ဂနွေနေ့ စပြီး အသက်ဝင်မှာ ဖြစ်တဲ့အတွက် ဒီမတိုင်ခင် လူအတော်များများဟာလည်း မြို့ထဲကနေ ထွက်ခွာနေကြပါတယ်။

ဘတ်စ်ကားနဲ့ ရထားတွေကို နယ်စပ်အထိ ပြေးဆွဲပေးနေပြီး လူတွေ နေရာသီးခြားခွဲ ထိုင်နိုင်ဖို့အတွက် လူလျှော့တင်ဖို့၊ ဖျားနာနေတဲ့သူတွေကို လိုက်ပါခွင့်မပြုဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် ဖိလစ်ပိုင်နိုင်ငံက မြို့ပေါင်း ၁၆ မြို့မှာ ညမထွက်ရအမိန့်ကို မတ်လ ၁၅ ရက်နေ့ကနေ ဧပြီလ ၁၄ ရက်နေ့ထိ သတ်မှတ်ထားပါတယ်။

Your browser doesn’t support HTML5

ဖိလစ်ပိုင်မြို့တော် အဝင်အထွက် ပိတ်ပင်

---------------------------------

(Unicode)








