မလေးရှားနိုင်ငံ Penang ပြည်နယ် George Town ရဲ့ ကမ်းခြေမြို့ Tanjung Bungah မှာ မနေ့ အင်္ဂါနေ့ညက မြေပြိုမှုကြောင့် သေဆုံးခဲ့ပြီလို့ ယူဆရတဲ့ လူလေးဦးလုံးဟာ မြန်မာဆောက်လုပ်ရေးအလုပ်သမား တွေဖြစ်တယ်လို့ ကယ်ဆယ်ရေးသမားတွေက အတည်ပြုခဲ့ပါတယ်။
မြေပြိုကျတဲ့အရှိန်က သူတို့လေးဦးကို မြေအောက်တခါတည်း မြှုပ်လိုက်သလို ဖြစ်သွားခဲ့ကြောင်း မီးသတ်ကယ်ဆယ်ရေးဌာန အကြီးအကဲ Saadon Mokhtar ကပြောပါတယ်။ ဒါအပြင် သူတို့လေးဦးလုံး အသက်ရှင်ဖို့ မရှိဘူးလို့ ယူဆရကြောင်း သူက ဆိုပါတယ်။ မြေပြိုတဲ့ နေရာရောက်နေတဲ့ ကယ်ဆယ်ရေးသမားတွေဟာ သူတို့လေးဦးကို ထုတ်ယူဖို့ မြေတူးစက်ကို အသုံးပြုနေတယ်လို့လည်း ဆိုပါတယ်။
အနားယူအပန်းဖြေနေရာတွေရှိနေတဲ့ Tanjung Bungah မှာ ညပိုင်းအချိန် မြေပြိုကျမှုကြောင့် မြန်မာအလုပ်သမား လေးဦး မြေအောက်ပိသွားကြောင်း သတင်းရရှိခဲ့ပြီးနောက် မနေ့ည ၁၁နာရီ ကျော်လောက်မှာ ပထမဆုံး ရုပ်အလောင်းကို စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မြေပြိုကျတဲ့အချိန် ည ၉နာရီကျော်လောက်မှာ သူတို့လေးဦးဟာ ၁၄ ပေလောက်နက်တဲ့ တွင်းကနေ ရေတွေကို စက်နဲ့ စုတ်ထုတ်နေခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်မှာ ရုတ်တရက် မြေပြိုကျခဲ့တာဖြစ်တယ်လို့ မီးသတ်ကယ်ဆယ်ရေးဌာန ပြောခွင့်ရက ဆိုပါတယ်။ အလုပ်သမား လေးဦးလုံး အသက်ရှင်လျက် မြေအောက်တည်းတခါတည်း မြှုပ်လိုက်သလိုဖြစ်သွားကြောင်း အဲဒီက မျက်မြင်သက်သေ တဦးက ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် မြေအောက်မှာမြုပ်နေတဲ့သူသုံးဦးကို ထုတ်ယူဖို့ ကယ်ဆယ်ရေးသမားတွေဟာ အပိုင်းနှစ်ပိုင်းခွဲပြီး လုပ်ဆောင်နေတယ်လို့လည်း မီးသတ်ကယ်ဆယ်ရေးဌာန ပြောခွင့်ရကပြောပါတယ်။
Your browser doesn’t support HTML5