အခုဆိုရင် ဒုတိယ အကြိမ်မြောက် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံကြီး အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပါပြီ။ မြန်မာနိုင်ငံအတွက် သမိုင်းဝင် ညီလာခံ တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ ညီလာခံနဲ့ ပတ်သက်ပြီး ပိတ်ပွဲနေ့ မိန့်ခွန်းမှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က “ ဒီကနေ့ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ သဘောတူညီချက်တွေဟာ အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး လမ်းကြီးအပေါ် လျောက်လှမ်းလိုက်တဲ့ အရေးကြီးတဲ့ ခြေလှမ်းကြီး ဖြစ်ပါတယ်။” ဆိုပြီး အောင်မြင်မှု ရခဲ့တဲ့အကြောင်း ပြောခဲ့တယ်။ ဒါပေမယ့် အစိုးရနဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA လက်မှတ်မထိုးရသေးတဲ့ KIO ကချင်လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ် ဂွမ်မော်ကတော့ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ခုလို ဝေဖန် ရေးသားခဲ့ပါတယ်။ “သတ္တိ ” လို့ခေါင်းစဉ်တပ်ပြီး အောက်မှာ “ သက်ဆိုင်ရာ တိုင်းရင်းသားများ ကိုယ်တိုင် ရွေးချယ်စေလွှတ်တဲ့ ကိုယ်စားလှယ်များ မပါဝင်ပဲ ပြည်ထောင်စုကြီး တစ်ခုလုံးရဲ့ အရေး ဆွေးနွေးပြီး - အောင်မြင်တဲ့ အရွေ့လို့ ကြွေးကြော်နိုင်တာကတော့ အံ့သြဘွယ်ရာ သတ္တိ ပါပဲဗျာ” လို့ ဆိုထားပါတယ်။ ဒုတိယ အကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို အောင်မြင်မှု ပန်းတိုင် တစ်ခုအဖြစ် သတ်မှတ်နိုင်မှာလား ဆိုတာ ခုတစ်ပတ် ဆွေးနွေးကြည့်ကြရအောင်ပါ။
၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ဆိုတာ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တစ်ချို့ သဘောတူထားတဲ့ NCA စာချုပ်ပါ အချက်တွေအရ ကျင်းပရတာပါ။ တကယ်တော့ ဒီ ညီလာခံကို ငြိမ်းချမ်းရေး ညီလာခံလို့ နာမည် တပ်ထားတာနဲ့အညီ နှစ်ပေါင်း ၇၀ နီးပါး ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ ရည်ရွယ်ကျင်းပတာ ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် ဒီညီလာခံကို ဘယ်သူတွေ တက်သည်ဖြစ်စေ မတက်သည်ဖြစ်စေ၊ ပဋိပက္ခနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ရွေးကောက်ခံ အစိုးရ သုံးဦးသုံးဖလှယ် စုံစုံညီညီ တက်ကြဖို့တော့ လိုပါတယ်။ ဒါမှသာ ဒီညီလာခံက ရလာတဲ့ ရလာဒ် တန်ဘိုးရှိ မှာပါ။ အခု ညီလာခံကို NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား ၈ ဖွဲ့ စုံစုံညီညီ တက်ပါတယ်။ မွန်ပြည်သစ်ပါတီ၊ ကရင်နီပြည် တိုးတက်ရေးပါတီ အပါအဝင် အဖွဲ့ (၅) ဖွဲ့ပါတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ အဖွဲ့ဝင်တွေကတော့ ဒီ ညီလာခံကို လာမတက်ပါဘူး။ ဝင်ရောက် ဆွေးနွေးခွင့်မရှိတဲ့ လေ့လာသူ အဆင့်ပဲ ရမှာမို့ လာမတက်တာလို့ ဆိုကြပါတယ်။
အလားတူ ၀ တပ်ဖွဲ့ခေါင်းဆောင်တဲ့ မဟာမိတ် (၇) ဖွဲ့ကလည်း ဒီညီလာခံကို လာမတက်ချင်ကြပါဘူး။ အဲဒီ အုပ်စုထဲမှာ လက်ရှိ တပ်မတော်နဲ့ တိုက်နေ ခိုက်နေဆဲ ကေအိုင်အေ၊ ကိုးကန့်နဲ့ တအာန်းပလောင် တပ်ဖွဲ့တွေလည်း ပါဝင်နေပါတယ်။ ဒါပေမယ့် အဲဒီ အဖွဲ့တွေဟာ တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ အဖွဲ့တွေ ဖြစ်တဲ့အားလျော်စွာ တရုတ်အစိုးရရဲ့ တိုက်တွန်းမှုအရ ညီလာခံ တက်ဖို့ ဖြစ်လာပါတယ်။ ဒီလိုနဲ့ ၀ တပ်ဖွဲ့ ခေါင်းဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ရောက်လာခဲ့ရပါတယ်။ အခုလို တရုတ်အစိုးရရဲ့ တိုက်တွန်းမှုကြောင့် ညီလာခံကို ရောက်လာရတယ် ဆိုတာကိုလည်း အဲဒီ အဖွဲ့တွေက သိုဝှက်မထားပါဘူး။ မီဒီယာတွေကို ပြောင်ပြောင်တင်းတင်းပဲ ပြောပြခဲ့ကြသလို၊ ဖွင့်ပွဲလောက်ပဲ တက်ပြီး နောက်ရက်တွေမှာ ကျင်းပတဲ့ ဆွေးနွေးပွဲတွေမှာ တက်ရောက်ခြင်း မရှိပဲ ညီလာခံ မပြီးဆုံးခင် တရုတ်အစိုးရက စီစဉ်ပေးတဲ့ အထူးလေယာဉ်နဲ့ ယူနန်ပြည်နယ် ခွင်းမင်မြို့ကို ပြန်လည် ထွက်ခွာသွားခဲ့ကြပါတယ်။ ပြောရရင် အခုညီလာခံဟာ လက်နက်ကိုင် တိုင်းရင်းသား အစုအဖွဲ့ တစ်ချို့လောက်ပဲ တက်ပြီး အများစုကတော့ ညီလာခံ ပြင်ပမှာ ရှိနေဆဲ ဖြစ်တယ် ဆိုတဲ့ သဘောပါ။ အားလုံးပါဝင်သင့်တယ် ဆိုတဲ့ အချက်ကို အခြေခံပြီး စဉ်းစားရင်တော့ ကျင်းပပြီးသွားတဲ့ ငြိမ်းချမ်းရေးညီလာခံရဲ့ တရားဝင်ဖြစ်မှုဟာ သိပ်ပြီး အားရကျေနပ်စရာ မကောင်းပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တစ်ချို့ နဲ့ ရွေးကောက်ခံ အစိုးရပါဝင်တဲ့ ဒီညီလာခံကနေ နောင် အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရာမှာ အခြေခံရမယ့် မူဝါဒ ၃၇ ချက်ချမှတ်နိုင်တာကတော့ တကယ့် အောင်မြင်မှုလို့ သတ်မှတ်နိုင်ပါတယ်။ အကြောင်းကတော့ လွတ်လပ်ရေးရပြီး မြန်မာ့သမိုင်းမှာ အစိုးရ ဒါမှမဟုတ် တပ်မတော်နဲ့ သူပုန်အဖွဲ့တွေ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးမှု အကြိမ်ကြိမ် ရှိခဲ့ပေမယ့် အခုလို အားလုံး သဘောတူညီတဲ့ ဘုံသဘောတူညီချက်မျိုး မရခဲ့ကြဘူးလို့ပါပဲ။
ဒါပေမယ့်လည်း ဒီလို သဘောတူညီချက် ရခဲ့တယ် ဆိုတာတောင် ညီလာခံ အတွင်းမှာ ပြသနာရှိခဲ့တာကလည်း အမှန်ပါပဲ။ ညီလာခံ ကျင်းပပြီးသွားလို့ ဇွန်လ ၁ ရက်နေ့မှာ ပြုလုပ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ညီလာခံကာလ အတွင်း သဘောတူခဲ့ကြတယ် ဆိုတဲ့ အချက် ၃၇ ချက်နဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီ အစုအဖွဲ့ အနေနဲ့ အားလုံး သဘောတူပါတယ်လို့ မှတ်ချက်ပေးခဲ့တာမျိုး မရှိခဲ့ကြောင်း ရှင်းလင်း ပြောဆိုခဲ့ပါတယ်။
အလားတူ ရခိုင်လွတ်မြောက်ရေးပါတီ ALP နဲ့ ရှမ်းပြည်တောင်ပိုင်း တပ်မတော် RCSS/SSA ကိုယ်စားလှယ်တွေကလည်း ဒီ သဘောတူညီချက်တွေကို လက်မှတ်မရေးထိုးဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ ပြောရရင် နောင် တည်ဆောက်မယ့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာမှာ အခြေခံရမယ့် မူဝါဒ ပိုင်းဆိုင်ရာ အချက် ၃၇ ချက်ကို ဆုံးဖြတ်ချက် ချမှတ်ခဲ့တယ်လို့ ကြေငြာနိုင်တဲ့တိုင် ပြသနာတွေ အများကြီး ကျန်ရစ်တဲ့ သဘောပါ။
နောက်ထပ် အရေးကြီးတာ တစ်ချက်က ညီလာခံမှာ ချမှတ်နိုင်ခဲ့တယ် ဆိုတဲ့ အခြေခံမူ ၃၇ ချက်ဟာ နောင် အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာမှာ ဘယ်လောက် အရေးပါသလဲ ဆိုတဲ့ ကိစ္စပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် လက်ရှိ ချမှတ်လိုက်နိုင်တယ် ဆိုတဲ့ အခြေခံမူ ၃၇ ချက်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်းထားတဲ့ အချက်တွေနဲ့ ကွဲလွဲပြီး တကယ့်ကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အတွက် အရေးကြီးတယ် ဆိုတဲ့ အချက်မျိုး ပါဝင်တာမျိုးတော့ မတွေ့မြင်ကြရပါဘူး။ ဒါ့အပြင် တပ်မတော်ဘက်က လိုလားတဲ့ “နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှခွဲမထွက်ရ။” ဆိုတဲ့အချက် သဘောတူညီမှု မရခဲ့သလို၊ အဲဒီအချက်နဲ့ ချိတ်ဆက်ထားတဲ့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အချက်တွေကိုဆိုရင် ဆွေးနွေးခွင့်တောင် မရခဲ့ကြပါဘူး။ အလားတူ တပ်မတော် တစ်ခုတည်း ထားရှိရေး မူဝါဒကိုဆွေးနွေးကြတဲ့ အခါမှာလည်း အစိုးရဘက်က အဆိုပြုတဲ့ “ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်သည့် အစိုးရလက်အောက်ရှိ တပ်မတော်” ဆိုတာမျိုး၊ တိုင်းရင်းသားတွေ ဘက်က အဆိုပြုတဲ့ “ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အာမခံသည့် တပ်မတော်” ဆိုတာမျိုးကို တပ်မတော် အစုအဖွဲ့ဘက်က လက်မခံတဲ့အတွက် နောက်ထပ် ဆွေးနွေးလို့ မရတဲ့ အခြေအနေမျိုးလည်း ညီလာခံကာလ အတွင်းဖြစ်ပျက်ခဲ့ပါတယ်။
အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ဒုတိယ အကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံဟာ သမိုင်းဝင် အောင်မြင်မှုလို့ ပြောဆိုနိုင်ပေမယ့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ပန်းတိုင်ခရီးကို ရောက်ဖို့ကတော့ အများကြီး ကွာဝေးနေသေးတယ်ဆိုတာကို သုံးသပ်လို့ ရနိုင်ပါတယ်။ နောက်ထပ် ရက်တွေ၊ လတွေ နှစ်တွေ အများကြီး ကြိုးစား လုပ်ကိုင်ရမယ့် ရေရှည်ဖြစ်စဉ် တစ်ခုပါ။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုတည်းကိုပဲ အာရုံစူးစိုက်မနေပဲ တိုင်းပြည်ရဲ့ တကယ့် အရေးကြီးပြသနာလည်းဖြစ်၊ ငြိမ်းချမ်းရေးကိစ္စ အပါအဝင် ပြသနာအားလုံးကို ဖြေရှင်းရာမှာ သော့ချက်လည်း ဖြစ်နေတဲ့ တိုင်းပြည် စီးပွားဖွံ့ဖြိုးတိုးတက်ရေး ပြသနာကို အထူး ဦးစားပေး အာရုံစိုက် ဖြေရှင်းသင့်ပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Your browser doesn’t support HTML5