စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို အရေးယူရေးဟာ ရှည်ကြာ နာကျင်စွာ ဖြတ်သန်းရတဲ့ ဖြစ်စဉ် တရပ် ဖြစ်တယ်လို့ ၁၉၉၂-၉၅ ဘော့စနီးယား စစ်ပွဲမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခံခဲ့ရပြီး၊ အသက်ရှင်ကျန်ခဲ့သူတွေက ယူကရိန်း ပြည်သူတွေကို ပြောလိုက်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ရရှိဖို့ကိုလည်း မမေ့ကြဖို့ သတိပေးလိုက်ပါတယ်။ ဒီ သတင်းစကားဟာ မြန်မာနိုင်ငံနဲ့ ရော ဆက်စပ်နေပါသလား။ ပအို့ဝ် အမျိုးသား ဖက်ဒရယ် ကောင်စီ ဥက္ကဌ ဦးခွန်မြင့်ထွန်းနဲ့ ဦးတင်မောင်သန်းက မေးမြန်းဆွေးနွေးထားပါတယ်။
အကျဉ်းချုပ်
တရားမျှတမှု မရှိဘဲ၊ ငြိမ်းချမ်းရေး အစစ်အမှန် မရရှိနိုင်ဘူးလို့ ဦးခွန်မြင့်ထွန်းက ဆိုပါတယ်။ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ဖို့ နိုင်ငံရေး ဆွေးနွေးပွဲမရှိဘဲ၊ ဗိုလ်ချုပ် ခင်ညွန့် လုပ်ခဲ့သလို၊ စီးပွါးရေးတွေ လုပ်ပိုင်ခွင့်ပေး၊ တိုက်ပွဲလည်း မရှိတဲ့ အခြေအနေဟာ ငြိမ်းချမ်းရေး အတု ဖြစ်တယ်လို့ ဆွေးနွေးပါတယ်။ တရားမျှတမှု ရှိမှသာ ငြိမ်းချမ်းရေး အစစ်အမှန် ဖြစ်ပါတယ်။
ရွေးကောက်တင်မြှောက်ခံ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို လွှတ်ပေးဖို့ မတောင်းဆိုတဲ့ အာဆီယန် ရဲ့ အချက် ၅ ချက် အဆိုပြုချက်ဟာ မြန်မာ့ လက်တွေ့ အခြေအနေနဲ့ မကိုက်ညီဘူးလို့လည်း ဦးခွန်မြင့်ထွန်းက ယူဆပါတယ်။
စစ်လက်နက်ပစ္စည်း အသာစီးနဲ့ တိုက်ခိုက် ဖိနှိပ်မှုတွေကို ယူကရိန်းမှာလိုပဲ မြန်မာ ပြည်သူတွေက သန္နိဌာန် ပိုင်းဖြတ်မှု နဲ့ တိုက်ပွဲ ဝင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ခုခံတိုက်ခိုက်နေတာကိုက ငြိမ်းချမ်းရေး ကို သွားရာလမ်းဖြစ်ပါတယ်။ ဒီလို ဆိုလို့ တွေ့ဆုံညှိုနှိုင်းရေးကို ပယ်ချတာလည်း မဟုတ်ပါဘူး။ ငြိမ်းချမ်းရေး အစစ်အမှန် လိုချင်တယ်ဆိုရင်တော့ စစ်တပ်ဟာ သက်သေခံ ပြယုဂ်တွေကို ပြသရမယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး၊ ဖိနှိပ်မှုတွေကို ရပ်စဲ၊ စစ်တပ်ဟာ ရွေးကောက်ခံ အရပ်သား အစိုးရအောက်မှာ ရှိရမယ် ဆိုတာ ကို လက်ခံပြီး နိုင်ငံရေး ညှိုနှိုင်းဆွေးနွေးပွဲ ဝင်ရပါမယ်လို့ ဆွေးနွေးသွားပါတယ်။
[Unicode]