မကွေးတိုင်း ဆောမှာ စစ်ကောင်စီတပ်စွဲထားတဲ့ဌာနဆိုင်ရာ ရုံးတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်

မကွေးတိုင်း ဆောမှာ စစ်ကောင်စီတပ်စွဲထားတဲ့ဌာနဆိုင်ရာ ရုံးတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ထားပုံ။ (ဖေဖေါ်ဝါရီ ၄၊ ၂၀၂၂/ ဓာတ်ပုံ-CJ)

[[Zawgyi/Unicode]]

မကွေးတိုင်း ဆောမှာ စစ်ကောင်စီတပ်စွဲထားတဲ့ဌာနဆိုင်ရာ ရုံးတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်

မကွေးတိုင်း ဆောမြို့မှာ စစ်ကောင်စီတပ်စွဲထားတဲ့ဌာနဆိုင်ရာရုံး အပါအဝင် နေရာတော်တော်များများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ဒီနေ့ အစောပိုင်းက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဆောမြို့နယ်ထဲက လောင်းရှည်ကျေးရွာမှာတော့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုအတွင်း အရပ်သား ၁ ဦးသေဆုံးခဲ့ပါတယ်။ ဆောမြို့နဲ့ လောင်းရှည် ကျေးရွာတွေဘက် တိုက်ခိုက်ခံရမှုမှာ ရုံးဌာန ၈ ခုနဲ့ လူနေအိမ် ၂ လုံး တိုက်ခိုက် ဖျက်စီးခံရတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မကွေးတိုင်း၊ ဆောမြို့လယ်ခေါင်မှာ ဒေသခံစစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ဌာနဆိုင်ရာရုံးတွေကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက် မနက်အစောပိုင်းမှာ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ထွေအုပ်ရုံး၊ ဦးဖိုးလှိုင်ခန်းမ၊ ရဲစခန်းစတဲ့နေရာတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးရုံး၊ သစ်တောရုံး၊ စိုက်ပျိုးရေး ရုံးတွေအပြင် ဆောမြို့ USDP နဲ့ စားသောက်ဆိုင်တဆိုင်ကို မီးရှို့ ဖျက်စီးခဲ့ကြပါတယ်။ ဒီနေ့မနက် တိုက်ခိုက် မှုနဲ့ပတ်သက်လို့ ဆော PDF တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“၄ နာရီ ၅၀ မှာ ကျနော်တို့ စပြီးဝင်စီးခဲ့တယ်။ ဝင်စီးပြီးတော့မှ စဖြစ်တာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ ထွေအုပ်ရုံးရယ် ဦးဖိုးလှိုင်ခန်းမရယ်၊ ရဲစခန်းရယ်၊ ဒီ ၃ နေရာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြတာခင်ဗျ။ ပထမဆုံး စဖြစ်တာပေါ့။ နောက်ပြီး ရုံးအဆောက်အဦးတွေ စကစ လက်ထက်ကလုပ်တဲ့ စာရွက်စာတမ်း၊ မှတ်တမ်းမှတ် ရာတွေအကုန်လုံးကို မီးရှို့ဖျက်စီးဖို့ဆိုပြီး ကျနော်တို့က Mission ဆွဲခဲ့တာပေါ့။ ဘယ်လိုပြောမလဲ- ခြိမ်းခြောက်တာ တော်တော်ကြီးများတယ်ဗျ။ “ဘယ်လိုလုပ်ပစ်လိုက်မယ်၊ ငါတို့က မလုပ်ချင်သေးလို့ထားတာ။ ဒါမျိုးတွေ ခဏခဏ ထွက်လာတာခင်ဗျ။ ဘယ်လိုလုပ်လို့ရတယ်။ မဖမ်းချင်သေးလို့...” (အဲလို) စကားတွေ ခဏခဏ ထွက်လာတဲ့အခါမှာ မြို့နေလူထုက စိတ်မချမ်းသာတော့ဘူး။ အဲ့လိုဆိုရင် ကျနော်တို့က လုံးဝလက်မခံနိုင်တော့ဘူး။ အစကတည်းက ကျနော်တို့က အစီအစဉ် ရှိတယ်။ မြို့နေလူထု ပြည်သူလူထုတွေ အထိတ်တလန့်ဖြစ်သွားမှာကြောင့် ဘာမှမလုပ်ဘဲ ဒီတိုင်းထားခဲ့တာ။ မြို့ပေါ်ကလွဲရင် ကျန်တဲ့နေရာတွေ ကျနော်တို့ ထိန်းချုပ်နိုင်ပြီ။ ဒီအချိန်မှာ မြို့ပြစစ်ပွဲလည်း စဖို့အချိန်ကျပြီထင်လို့ ကျနော်တို့ မြို့ပေါ်ကို စပြီး တက်ခဲ့တာပါ။”

CDM မလုပ်တဲ့ ဝန်ထမ်းတွေကို ဆောမြို့နယ်ကနေ ဖေဖော်ဝါရီ ၅ ရက် နောက်ဆုံးထား ထွက်သွားဖို့ သတိပေးထားတယ်လို့လည်း ဆိုပါတယ်။ အခုလို ဆောမြို့ပေါ်မှာ တိုက်ခိုက်သလို ဆောမြို့ရဲ့ တောင်ဘက် ၁၂ မိုင်ဝေးတဲ့ လောင်းရှည်ကျေးရွာမှာလည်း စစ်ကောင်စီတပ်နဲ့ လောင်းရှည်ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကြောင့် အရပ်သား တဦးသေဆုံးပြီး တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆောမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုပြောပါတယ်။

ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စုပေါင်းဖွဲ့ထားကြတာဖြစ်ပါတယ်။

“ကျနော်တို့ လောင်းရှည် PDF က လောင်းရှည်ရဲစခန်းကို အဝေးကနေ လှမ်းထုတယ်ပေါ့နော်။ အဲ့လိုထုတာကို စစ်ကောင်စီဘက်က ရွာပေါ်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းထုတဲ့အခါမှာ အရပ်သားတယောက် ဆုံးပါးသွားတယ်။ တယောက်က ထိခိုက်ဒဏ်ရာ ရသွားတယ်။”

ဆောမြို့နယ်ထဲမှာ ဒီကနေ့ မနက်ပိုင်းက ရုံးဌာန ၈ ခု၊ ကြံ့ခိုင်ရေးပါတီရုံး ၁ ခု၊ လူနေအိမ် ၂ လုံးတို့ိ တိုက်ခိုက်ခံရတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ကျပ်သိန်း ၂,၀၀၀ ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိခဲ့ဘဲ နယ်မြေလုံခြုံရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆက်လက် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ မကွေးတိုင်း ဆောမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ၂၀၂၁ ဒီဇင်ဘာလတုန်းက တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဆောမြို့နယ်ကို ကုန်စည်စီးဆင်းတဲ့ လမ်းကြောင်းဖြစ်တဲ့ ပေါက်မြို့နယ် သရက်တောဂိတ်မှာ စစ်ကောင်စီက တင်းကြပ်စွာ စစ်ဆေးနေပြီး ကုန်စည်တွေကို အကန့်အသတ်နဲ့သာ သယ်ဆောင်ခွင့်ပြုနေပါတယ်။

Your browser doesn’t support HTML5

မကွေးတိုင်း ဆောမှာ စစ်ကောင်စီတပ်စွဲထားတဲ့ဌာနဆိုင်ရာ ရုံးတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်

=================

[[Unicode]]








=================