စစ်ရေးလှုပ်ရှားမှုကြောင့် ကြာအင်းဆိပ်ကြီး ရွာ ၄ ရွာ ဘေးလွတ်ရာ ပုန်းရှောင် 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (Crd: MIMU)

[[Zawgyi/Unicode]]

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပုလိန်ရွာ၊ ငြိမ်းချမ်းမြိုင်ရွာတွေကို ပြီးခဲ့တဲ့ရက်တွေအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အနီးအနား ကျေးရွာလေးရွာထက်မနည်းက ဒေသခံထောင်ချီ အိုးအိမ်စွန့်ခွာပြေးနေရပါတယ်။ ပုလိန်ရွာနဲ့ တံခွန်တိုင်ရွာတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေရာယူထားတာမို့ အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တယ်ဆိုပြီး ဒေသခံတွေ စိုးရိမ်နေကြတာပါ။ ဒီအကြောင်းရန်ကုန်ကပေးပို့တဲ့ သတင်းကို မဆုမွန်က ပြောပြပါမယ်။

စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာ၂၇ ရက်နေ့ကစလို့ မွန်ပြည်နယ် မုဒုံမြို့နယ်နဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် နယ်စပ်ဖြစ်တဲ့ အဘစ်-ခလယ်တံခွန်တိုင်လမ်းကနေ အင်အားအတော်များများနဲ့ စစ်ကြောင်းဆင်းလာတာပါ။ အဲဒီနောက် မုဒုံမြို့နယ် အဘစ်ရွာမှာအခြေစိုက်တဲ့ အမြောက်တပ် (၃၁၈) တပ်ရင်းကနေ လက်နက်ကြီးတွေပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာရှောင်တိမ်းကြရတာလို့ နန်းသိုင်းထွန်းရွာခံတဦးက VOA ကို ပြောပါတယ်။

“သေနတ်သံကြားတော့ ကြောက်ကြတာပေါ့၊ အဲ့သေနတ်သံက အဘစ်ကနေပြီးတော့ ငြိမ်းချမ်းမြိုင်ရွာမှာရှိတဲ့ ဒီ KNU ရဲ့ စခန်းရှိတဲ့နေရာကို အဲ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ထည့်ပြီးတော့ KNU တွေက ဆုတ်သွားလား၊ ဘယ်လိုလဲတော့မသိဘူးပေါ့နော်- တိုက်ပွဲတော့ မဖြစ်ဘူး။ တဖက်သတ်ပဲ။ အဲ့မှာ စစ်သားတွေ ဝင်ပြီးတော့ အဲ့မှာ ငြိမ်းချမ်းမြိုင်မှာ နေတယ်။ နောက် အခု ပုလိန်ရွာကို ဆင်းလာတယ်။ နောက် စစ်သားတွေလည်း တံခွန်တိုင်မှာအများကြီးရှိနေဆိုတော့ အဲ့ဒါကြောင့် ရွာသားတွေ ပြေးကြတာပေါ့။”

လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ပုလိန်ရွာ၊ ငြိမ်းချမ်းမြိုင်ရွာ၊ နန်းသိုင်းထွန်ရွာ၊ ခလယ်-တံခွန်တိုင်ရွာ ဒီကျေးရွာ လေးရွာက ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာပြီး နီးစပ်ရာကျေးရွာ ဆွေမျိုးနေအိမ်တွေမှာ ခိုအောင်းနေကြရပါတယ်။ မွန်-ကရင်နယ်စပ်မှာရှိတဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်ရဲ့ ငြိမ်းချမ်းမြိုင်ရွာတောင်ပေါ်မှာ KNU ဂိတ်စခန်းတခုရှိနေပါတယ်။ အဲ့ဒီစခန်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးလိုက်တယ်လို့ ဒေသခံကပြောပါတယ်။

''အဲ့ဒီယာယီစခန်းကိုလည်း မီးရှို့လိုက်တယ်ပေါ့။ ပုလိန်ရွာရဲ့အထက် အပေါ်ဘက်ခြမ်းက ငြိမ်းချမ်းမြိုင်ရွာလေးပဲ သူတို့ဝင်လာတာ။ အဲ့ဒီတပ်စခန်းလေးကို သူတို့ မီးရှို့လိုက်တာပေါ့။ (တိုက်ပွဲ) မဖြစ်ပါဘူး။ အဲ့မှာက KNU ဘက်က သူတို့ရှောင်ပေးလိုက်တာပေါ့၊ စစ်ကောင်စီဘက်ကတော့ အင်အားနည်းနည်းများမယ်ထင်တယ် ဒီမှာ ကျနော်တို့ အဲ့ဒီဂိတ်မှာ ထိုင်နေတဲ့အဖွဲ့ကတော့ လူအင်အားနည်းဆိုတော့ သူတို့က ရှောင်လိုက်တယ်ဖြစ်မှာပေါ့။”

စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းလာရာလမ်းတွေမှာ တွေ့တဲ့ရွာသားတွေကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

“သူတို့ကဝင်လာပြီးချိန် တွေ့တဲ့လူတွေကတော့ သူတို့ ဖမ်းခေါ်ပြီးတော့ အရှေ့ လမ်းပြပေါ့ ပေးသွားခိုင်းတယ်ပေါ့။ အဲ့ဒီငြိမ်းချမ်းမြိုင်ကနေ လူတွေဖမ်းခေါ်လာရင် ပုလိန်ရောက်ရင် ပြန်လွှတ်တယ်။ ပုလိန်ရွာကနေ သူတို့ ပုလိန်ကလူတွေကို ဖမ်းခေါ်ပြီးရင် တံခွန်တိုင်ရောက်ရင်တော့ သူတို့ပြန်လွှတ်တယ်ပေါ့ အဲ့လိုမျိုး။ အကုန် လုံးက ကြောက်လန့်နေကြကုန်တယ်ပေါ့။ အကုန်လုံးက တယောက်မှ ရွာနားလေကပ်မရဲတော့ ရွာလည်း ပြန်မရဲတော့ အလုပ်လည်းမလုပ်ဘူး။”

မုဒုံမြို့နယ်ဘက်က ရာဘာခြံသမား အယောက်၂၀ ထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းခေါ်ပြီးနောက် တချို့တော့ ပြန်လွတ်လာပါတယ်။ ပေါ်တာဆွဲခံခဲ့ရသူတွေအပြောအရ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းနဲ့ သဲအိတ်တွေ သယ်ဆောင်ပေးရတယ်လို့ ဆိုပါတယ်။

လက်ရှိချိန်မှာ စစ်ကောင်စီတပ်တွေဟာ ပုလိန်ရွာ၊ တံခွန်တိုင်ရွာတွေထဲမှာ တပ်စွဲ နေရာယူထားပြီး အချိန်မရွေး နှစ်ဘက်တိုက်ပွဲ ပြင်းထန်လာနိုင်တယ်လို့ရွာခံတွေက ပြောပါတယ်။ ဒီဒေသအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
#PDF #KNU #ကြာအင်းဆိပ်ကြီး #ပုလိန်ရွာ #ငြိမ်းချမ်းမြိုင်ရွာ #စစ်ကောင်စီတပ်

=============

[[Unicode]]










=============