[[Zawgyi/Unicode]]
မြန်မာနိုင်ငံမှာ နိုင်ငံကူးလက်မှတ်လျှောက်ထားတဲ့ လုပ်ငန်းစဉ်တွေပုံမှန်ပြန် မလည်ပတ်နိုင်သေးပေမဲ့ ဗုဒ္ဓဂယာဘုရားဖူးသွားမယ့်သူတွေကိုတော့ တလအတွင်း နိုင်ငံကူးလက်မှတ်လုပ်ပေးတာတွေ ရှိလာပါတယ်။ ပညာရေး၊ ကျန်းမာရေးနဲ့ တခြားကိစ္စတွေအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုတွေကတော့ အခုချိန်ထိမရသေးဘူးလို့ စောင့်ဆိုင်းနေကြသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားမှုလုပ်ငန်းစဉ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက အပြောင်းအလဲတွေရှိခဲ့ပြီး အခုချိန်ထိ လျှောက်ထားမှု လုပ်ငန်းစဉ် ပုံမှန်ပြန်မဖြစ်သေးပါဘူး။ နိုင်ငံကူးစာအုပ်အသစ်လုပ်တာ၊ သက်တမ်းတိုးတာ၊ နိုင်ငံခြားမှာ အလုပ်လုပ်ခွင့်စာအုပ်ပုံစံပြောင်းတာ အပါအဝင် စာအုပ်လျှောက်ဖို့ အွန်လိုင်းကနေရက်ချိန်းယူတာကအစ အားလုံးကို ပိတ်ပင်ထားတာပါ။ ဒါပေမဲ့လည်း နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူတွေအတွက် ရနိုင်မယ့်တခုတည်းသောနည်းလမ်းက ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်မှာလိုက်ပါမယ်ဆိုတဲ့ အာမခံချက်နဲ့ ခရီးသွားအေဂျင်စီကနေတဆင့် ချိတ်ဆက်ပြီး တလအတွင်းရရှိအောင် ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။
ဗုဒ္ဓဂယာခရီးစဉ်လိုက်ပြီး ပတ်စ်ပို့ဝန်ဆောင်မှု တလအတွင်းပေးနေတဲ့ ဘုရားဖူးအေဂျင်စီတွေရဲ့ ကြေညာချက်တွေလည်း လူမှုကွန်ယက်စာမျက်နှာတွေမှာ အတော်များများ နေရာယူလာပါတယ်။ နိုင်ငံကူးလက်မှတ်ပတ်စ်ပို့စာအုပ်အတွက် ကုန်ကျစရိတ်က ၈ သောင်းကျပ် ဝန်းကျင်မှာရှိတယ်လို့ ဗုဒ္ဓဂယာဘုရားဖူး အေဂျင်စီတခုကလည်း ပြောပါတယ်။
"Passport လုပ်တာကတော့ ဒီခရီးစဉ်နဲ့ လိုက်ပါမယ်ဆိုတဲ့ Grantee အရ Passport ကတော့ အာမခံနဲ့လုပ်ပေးပါတယ်။ Passport ကြေးက ၈ သောင်းပဲ သွင်းရတယ်။ အဲဒါကကျတော့ ၈ သောင်းဝန်းကျင်ကုန်တယ်။ ကြာချိန်ကတော့ တလကြိုပြီး စာရင်းသွင်းရင်ရပါတယ်။ ဘာသာခြားကတော့ လောလောဆယ် သူတို့က မကြေညာသေးဘူးပေါ့နော်။ လောလောဆယ်ကတော့ ဗုဒ္ဓဘာသာဖြစ်ရမယ်။ တချို့ဆိုလည်း ခရစ်ယာန် - ဗုဒ္ဓဆို ဗုဒ္ဓဘာသာပါနေတယ်၊ အဲလိုတော့ ရတယ်ပေါ့နော်။"
ပတ်စ်ပို့အတွက်ကုန်ကျစရိတ်က ၈ သောင်းဝန်းကျင်ဆိုပေမယ့် ဗုဒ္ဓဂယာခရီးစဉ် ကုန်ကျစရိတ်ကတော့ အနည်းဆုံး ကျပ် ၁၀ သိန်းအထက်က စရှိပါတယ်။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စာအုပ် မဖြစ်မနေလိုအပ်နေသူတွေအနေနဲ့ ဘုရားဖူးခရီးစဉ်ကို ရွေးချယ်တာရှိပေမယ့် ကုန်ကျစရိတ်မတတ်နိုင်သူတွေကတော့ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ရုံးတွေ ပုံမှန်ပြန်လည်ပတ်မယ့်အချိန်ကိုသာ စောင့်ဆိုင်းနေကြတယ်လို့ ပြောပါတယ်။
နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနက နိုင်ငံကူးလက်မှတ်ပတ်စ်ပို့စာအုပ်တွေ ထုတ်ပေးတာကို ရပ်နားထားပေမဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေဘက်က အလုပ်ကမ်းလှမ်းစာနဲ့ပူးတွဲပြီး လျှောက်ထားလာရင်တော့ နိုင်ငံကူးလက်မှတ်ထုတ်ပေးမယ်လို့ အလုပ်သမားရေးဌာနက ပြောထားပါတယ်။ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေဘက်က ပြည်ပနိုင်ငံတွေရဲ့အလုပ်ကမ်းလှမ်းစာနဲ့ ပူးတွဲလျှောက်ထားမယ်ဆို ထုတ်ပေးနေတယ်လို့ မြန်မာအလုပ်သမားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်းက ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကတည်းက VOA က ဆက်သွယ်မေးမြန်းတဲ့အချိန်မှာ ဖြေကြားထားပါတယ်။
"ပြည်ထဲရေးက blacklist မပါတဲ့ အေဂျင်စီတွေဆိုရင် သူ့လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်ပေးမယ်။ အခု ၁၃၃ ခု အေဂျင်စီကို blacklist သူတို့ ကြေညာထားတယ်။ အဲဒီ အေဂျင်စီတွေက ကျနော်တို့ဆီကတဆင့် ပတ်စ်ပို့ လျှောက်မယ်ဆိုရင် အဲဒါကို လောလောဆယ် pending လုပ်ထားတယ်၊ ဆိုင်းငံ့ထားတယ်။ ကျန်တဲ့ clear ဖြစ်တဲ့ကုမ္ပဏီတွေ ကျနော်တို့ ပုံမှန်လမ်းကြောင်းအတိုင်း ဆက်လုပ်ပေးနေတယ်။"
နှစ်နိုင်ငံသဘောတူညီမှု MOU စနစ်နဲ့ ပြည်ပမှာသွားရောက်လုပ်ကိုင်မယ့် အလုပ်သမားတွေအနေနဲ့ ပတ်စ်ပို့လုပ်ဆောင်ဖို့ အလိမ်ခံရတာတွေလည်းရှိနေလို့ ဒါတွေကို သတိရှိဖို့ကိုလည်း ပတ်စ်ပို့လုပ်ဖို့ စောင့်ဆိုင်းနေသူအချင်းချင်း သတိပေးထားကြပါတယ်။
နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ဖို့ အဆင့်တခုသာ ကျန်တော့သူတွေအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ နေပြည်တော်ရုံးကိုလိပ်မူပြီး စာတင်တာတွေလည်း ရှိလာပါတယ်။ ဒါပေမဲ့လည်း နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စာအုပ်ရဖို့အတွက် ကြားခံဆောင်ရွက်နိုင်မယ့် ဘယ်လိုအဖွဲ့အစည်းမှ အခုချိန်ထိမရှိသေးဘဲ မြန်မာနိုင်ငံက ပတ်စ်ပို့ရုံးခွဲတိုင်း လုပ်ငန်းဆောင်ရွက်တာတွေကို ပိတ်ပင်ထားဆဲဖြစ်ပါတယ်။
Your browser doesn’t support HTML5
===============
[[Unicode]]
ဗုဒ်ဓဂယာဘုရားဖူးတှအေတှကျ နိုငျငံကူးလကျမှတျထုတျပေး