မြဝတီ-ကော့ကရိတ်လမ်းမှာ ခရီးသည်ကား တိုက်ခိုက်ခံရ၊ ၄ ဦး ဒဏ်ရာရ

အာရှလမ်းမကြီး (ယခင်ပုံဟောင်း)

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းနေရာမှာ မနေ့က ခရီးသည်တင် ကားငယ်တစီး မိုင်းဆွဲ တိုက်ခိုက်ခံရတာကြောင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိနေတဲ့ မြဝတီခရိုင်နဲ့ ကော့ကရိတ်မြို့နယ်အတွင်း ခုလို မိုင်းဆွဲ တိုက်ခိုက်ခံရတာဖြစ်ပြီး ဘယ်သူ့လက်ချက် ဆိုတာတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ ကရင်ပြည်နယ်တွင်းက မြဝတီ−ကော့ကရိတ် အာရှလမ်း နေရာမှာ သြဂုတ်လ ၂၀ ရက်နေ့က ခရီးသည်တင် ကားငယ်တစီး မိုင်းဆွဲ တိုက်ခိုက်ခံရတာပါ။ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး သူတို့ကိုတော့ မြဝတီ ပြည်သူ့ဆေးရုံကြီးကို ပို့ပြီး ဆေးဝါးကုသ ပေးနေတဲ့အကြောင်း အလင်းသစ် ကယ်ဆယ်ရေး အဖွဲ့က တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပြပါတယ်။

"ဘယ်ကို ပို့လိုက်လဲ ဆိုတော့ မြဝတီပြည်သူ့ ဆေးရုံကြီးကိုပဲ ပို့လိုက်ပါတယ်။ ဘယ်နေရာမှာ ဖြစ်တာလဲဆိုတော့ ဒေါနသစ္စာ နေရာမှာ ဖြစ်တာပါ။ တံတားလေးတခု ရှိတယ်။ ကွင်းကလေးနားမှာ။ ဒေါနသစ္စာနေရာမှာ ဖြစ်တာ ‌ဒေါနသစ္စာ ရေဆေးခုံနားမှာဖြစ်တာ။ အရပ်သားတွေက မိန်းကလေးတယောက် ယောက်ျားလေး ၃ ယောက်ထိတာ။ ကားလေးစီးတဲ့သူတွေ ဖြစ်တာ။"

ကရင်ပြည်နယ်မှာ ဒီလအစောပိုင်းက မိုးအဆက်မပြတ်ရွာပြီး ရေကြီးနေတာကြောင့် မြဝတီမြို့နဲ့ ကောကရိတ်မြို့ကြား အာရှလမ်းသစ်မှာ မြေကြီးတွေ ကွဲအက်ပြီး လမ်းကြော နေရာတချို့ ပြိုကျသွားခဲ့တာပါ။ တောင်ပြိုတာတွေ ရှိခဲ့ပြီးတဲ့နောက် သြဂုတ်၇ ရက်နေ့မှာတော့ ကားလမ်းပေါ်မှာ ကြီးမားတဲ့ အက်ကွဲကြောင်းကြီးတွေ ပေါ်လာပြီး အဲ့ဒီနောက်မှာတော့ လမ်းတခုလုံး သွားလာလို့မရအောင် ပြိုကျ သွားခဲ့တာ ဖြစ်ပါယ်။ ပြိုကျသွားတဲ့နေရာကို ကရင်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့တွေက ပြင်ဆင်နေတာ ဖြစ်ပါတယ်။ တောင်တွေကို ဖြိုပြီး လမ်းကို ပြန်ပြင်ဆင်နေတဲ့ အချိန်မှာ အခုလိုမျိုး အရပ်သား ကားတွေ ပစ်ခတ်တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့လည်း အလင်းသစ် ကယ်ဆယ်ရေး အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

"အခုက လမ်းပျက်တဲ့ နေရာတွေရော၊ မြေပြိုတဲ့ နေရာတွေရော ပြင်နေတယ်လေ။ အဲဒီမှာက ဘက်ဟိုးတွေ၊ မြေကော်တဲ့ နေရာတွေကို မိုင်းဆွဲ ချင်တာလေ။ အလုပ်နားတဲ့ အချိန် ၁၂ နာရီကနေ ၁ နာရီအထိ မြဝတီက ကားလေးတွေကို ဖြတ်သန်းခွင့် ပေးထားတယ်။ အဲဒီအချိန်မှာဖြစ်တာ။ ဟို ပြီးခဲ့တဲ့ ရက်တုန်းက ဆိုရင်လည်း ညီမတို့လူနာတွေ သွားတင်တဲ့အချိန်မှာ ဟိုဘက်နဲ့ဒီဘက်က ပစ်ခတ်မှု ဖြစ်သေးတယ်။ ဖြတ်သွားတဲ့ ကားလေးတွေက ပြောတာလည်း ရှိတယ်။ ကိုယ်တိုင်သွားတဲ့ အချိန်မှာ ဖြစ်တာလည်း ရှိတယ်။"

အာရှလမ်းမှာ ခုလို ခရီးသည်တင် အရပ်သား ကားငယ်တစီး ပစ်ခတ်ခံရမှုနဲ့ ပတ်သက်လို့ ဘယ်သူဘယ်ဝါ လက်ချက်အဖြစ် ထုတ်ဖော် ပြောဆိုတာ မရှိသေးပါဘူး။

ကရင်ပြည်နယ် မြဝတီခရိုင်နဲ့ ကော့ကရိတ်မြို့ နယ်တွေမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ ကာကွယ်ရေးတပ် စတဲ့ ပူးပေါင်း တပ်တွေကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာပါ။ ကရင်ပြည်နယ်အတွင်းက လက်ခတ်တောင် စခန်းကုန်းကို စစ်ကောင်စီတပ်တွေက ပြန်လည် ရယူနိုင်ဖို့ ကြိုးစားနေသလို၊ လေကြောင်းက တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ တိုက်ခိုက်တာတွေ ရှိနေပြီး နှစ်ဘက် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။ ဒီလို နှစ်ဘက် တိုက်ပွဲတွေကြောင့်ပဲ အာရှလမ်းမကြီးပေါ်မှာ ကားတွေ မကြာခဏ ပစ်ခတ်ခံရလေ့လည်း ရှိပါတယ်။

Your browser doesn’t support HTML5

မြဝတီ-ကော့ကရိတ်လမ်းမှာ ခရီးသည်ကား တိုက်ခိုက်ခံရ၊ ၄ ဦး ဒဏ်ရာရ