မြန်မာတပ်မတော်နဲ့ ရခိုင် AA လက်နက်ကိုင် အဖွဲ့တို့အကြား စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်မှု များပြားလာနေတာမှာ ဒီကနေ့ မနက်အစောပိုင်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဝရွာက ဘုန်းတော်ကြီး ပညာသင်ကျောင်းအတွင်း လက်နက်ကြီးပေါက်ကွဲခဲ့လို့ သံဃာနှစ်ပါးအပါဝင် ကျောင်းဆရာနဲ့ကျောင်းသား ခြောက် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ တပ်မတော်ဘက်ကတော့ မီးဝရွာတောင်ကြောကနေ ရခိုင်လက်နက်ကိုင် AA ဘက်က ပစ်ခတ် တိုက်ခိုက်လို့ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ ဒေသခံတွေနဲ့ AA ဘက်ကတော့ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ မြန်မာစစ်တပ်ဘက်က ပစ်ခတ်တာလို့ စွတ်စွဲထားပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးဝကျေးရွာအတွင်း ဒီကနေ့မနက်အစောပိုင်း တပ်မတော် စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့လို့ သံဃာတော်တွေနဲ့ ကျောင်းဆရာမ ကျောင်းသားငယ်တွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံရွာသားတဦးကပြောပါတယ်။
“ညတုန်းကတော့ အခြေအနေကတော့ ည တနာရီဝန်းကျင်လောက်ပေါ့နော်။ လက်နက်ကြီး အသံကြားတယ်။ အသံတွေကလဲ အများကြီးပဲ။ ကျနော်တို့ မီးဝကျောင်းဆရာတော်က ကလေးတွေကို ဆရာ၊ ဆရာမတွေကိုခေါ်ပြီးမှ ကျောင်းသူ ကျောင်းသားတွေကို ခေါ်ပြီးမှ ကျောင်းရဲ့ အနောက်ဘက်မှာ ကျောင်းအဆောင်အကြားပေါ့။ လုံခြုံတဲ့ နေရာဆိုပြီးမှ အဲဒီမှာ နေကြတယ်။ သူတို့ ကုလားတန်မြစ်ထဲကနေ ပစ်တာ။ NAVY ကနေ ပစ်တာ။ NAVY ပစ်တဲ့အခါမှာ နောက်ဆုံး တလုံး လက်နက်ကြီး ကျည်လာပြီးတော့ ကျတယ် အဲဒီနေရာမှာ။ ဆရာတော်ကျည်မှာ ထိတယ်။ ပြီးတော့ ကျောင်းဆရာမ တယောက် ထိတယ်။ ပြီးတော့ ကိုရင်တပါး။ ကျောင်းသား သုံး ယောက်။ စုစုပေါင်း ခြောက် ယောက် မနက်မိုးလင်းတာနဲ့ ကျနော်တို့ ကျောက်တော်ဆေးရုံကို ပို့လိုက်တယ်။”
မီးဝရွာဟာ ကုလားတန်မြစ်ကမ်းနားမှာ ရှိတဲ့ရွာဖြစ်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဘုန်တော်ကြီး ပညာသင်ကျောင်းက ဆရာမနဲ့ ကျောင်းသား အပါဝင် သံဃာတော်တွေ ထိခိုက်ဒဏ်ရာ ရရှိပြီး ဒီမနက်မှာ ကျောက်တော်ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။
ဒီမနက်ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ရွာသားတွေ ထိခိုက်မှုရှိနေတဲ့အပေါ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက အခုလိုပြောပါတယ်။
“ကျနော်တို့ ရေလမ်းကြောင်း လုံခြုံရေးတပ်ဖွဲ့တွေ ရှိတယ်။ ပြီးရင်ကျနော်တို့ အုပ်ချုပ်မှုလုပ်တဲ့ ကမ်းထိုးယာဉ်ပေါ့ဗျာ။ ကျနော်တို့ လိုအပ်တဲ့ အုပ်ချုပ်မှုကိစ္စလုပ်တဲ့ ကမ်းထိုးယာဉ်အတွက် ကျနော်တို့က ကုလားတန်မြစ်ကြောင်း လုံခြုံရေးလုပ်တယ်။ လုပ်တဲ့အခါမှာ မီးဝရွာနဲ့ မီးဝအနားမှာရှိတဲ့ တောင်ကြောပေါ်မှာ နေပြီးတော့မှ ကျနော်တို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ညတုန်းက ပစ်တာပေါ့ဗျာ။ ည ၂ နာရီဝန်းကျင်လောက်မှာ ပစ်ကြတာပေါ့ဗျာ။ ပစ်တဲ့အခါမှာ သူပစ်၊ ကိုယ်ပစ်… ပစ်တာရှိတယ်။ တချို့ကျတော့လည်း ဒဏ်ရာရတယ်လို့တော့ ကြားတယ်။ ကျနော်က ဒါကတော့ တိတိကျကျ မသိဘူး။ AA က ဟုတ်လား ရွာတွေနားကနေပြီးတော့မှ အခြေခံပြီး လာပစ်တာတို့ ဘုန်းကြီးကျောင်းကို အခြေခံပြီး လာပစ်တာတို့ ဒီဟာမျိုးတွေ လာလာလုပ်တာ ရှိတယ်။ ကျနော်တို့က အုပ်ချုပ်မှု ကိစ္စလုပ်တာ။ လာပြီးတော့ အနှောက်ယှက် မပေးနဲ့လေ။ ဒါတော့ ရှင်းထုတ်ရမှာပဲလေ။ အဲဒီကျမှ ဒီဘက်ပစ်လို့ ဟိုရွာသားမှန်တယ်။ ဒီရွာသား မှန်တယ်။ ကျနော်တို့ ဒါကတော့ ပြောလို့မရဘူး။ လာပြီးအနှောက်ယှက်ပေးရင်တော့ ကျနော်တို့ကတော့ တုံ့ပြန်ရမှာပဲ။”
ဒေသခံမီးဝရွာသူတဦးကတော့ ဒီမနက်ပစ်ခတ်မှုဟာ နှစ်ဘက် တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ ဆိုပါတယ်။
“တိုက်ပွဲတော့မဖြစ်ဘူး။ တိုက်ပွဲဖြစ်တာတော့ မရှိ။ သူတို့က လက်နက်အင်အားတွေနဲ့ ပစ်တယ်။”
ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ပြန်ကြားရေးတာဝန်ခံခိုင်သုခကလဲ ဒီနေ့မှာ ပလက်ဝမြို့နယ်ဘက် တိုက်ပွဲမဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။
“မနက်ကဖြစ်တဲ့ ဥစ္စာက ဗမာစစ်တပ်ဘက်က တဘက်သတ် ပစ်တာဗျ။ အဲဒီလိုမျိုး နှစ်ဘက်တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူး။ သူတို့ကနေပြီးတော့ ဒါ ရခိုင်တွေအပေါ်မှာ အငြိုးအတေးကြီးစွာနဲ့ ရွာတွေကို သက်သက်နေပြီးတော့ ဒါ ရည်ရွယ်ချက် ရှိရှိနဲ့နေပြီးတော့ လုပ်ကြံပစ်ခတ်နေတာဗျ။”
ပြီးခဲ့တဲ့ စက်တင်ဘာလ၂၉ ရက်နေ့ကလည်း မီးဝကျေးရွာဘက် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ ရွာသား နှစ် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေ အစဉ်ဖြစ်ပွားနေတာပါ။
ရခိုင်ပြည်နယ်မှာ ၂၀၁၈ ဒီဇင်ဘာလကနေ ၂၀၁၉ စက်တင်ဘာလအထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သား ထိခိုက်သေဆုံးမှု လူ ၈၀ ကျော်အထိရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂၀ ကျော်လောက်အထိ ရှိနေပြီလို့ ရခိုင်လွှတ် တော်ကိုယ်စားလှယ်တွေက ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ရှောင်ရှားကြစေဖို့ ပြည်နယ်အစိုးရအဖွဲ့ကနေ လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက်ပေးရေး တိုက်တွန်းကြောင်းအဆိုကို ရခိုင်ပြည်နယ် လွှတ်တော်ကနေ မနေ့ကမဲခွဲပြီး အတည်ပြုခဲ့ပါတယ်။
လွှတ်တော်ကနေ အတည်ပြုပြီး ဒီမနက်မှာပဲ ပလက်ဝမြို့နယ်အတွင်း အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။
[Unicode Version]
Your browser doesn’t support HTML5