Pakistan နိုင်ငံမှာ အရပ်သားတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ အမြင့်ဆုံးဆုကို Saudi Arabia အိမ်ရှေ့မင်းသား Mohammed bin Salman ကို ချီးမြှင့်လိုက်ပါတယ်။ Nishan-e-Pakistan ဆုကို သမ္မတ Arif Alvi ကိုယ်တိုင် ချီးမြှင့်ခဲ့ပြီးနောက် အိမ်ရှေ့မင်းသားကို နိုင်ငံတော် ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။ ဒီကနေ့ ညနေပိုင်းက ဝန်ကြီးချုပ် Imran Khan နဲ့အတူ မြင်းလှည်းနဲ့ရောက်လာခဲ့တဲ့ အိမ်ရှေ့မင်းသား Bin Salman ကို သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က ကြိုဆိုခဲ့ကြပါတယ်။
တနင်္ဂနွေနေ့တုန်းကတော့ Saudi Arabia က Pakistan မှာ ဒေါ်လာ ဘီလျံ ၂၀ တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ သဘောတူစာချုပ်တွေ ၂ နိုင်ငံကြား လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ အိမ်ရှေ့မင်းသားဖြစ်လာခဲ့ပြီးနောက် Pakistan နိုင်ငံကို ပထမဆုံး နိုင်ငံခြားခရီးအဖြစ် လာရောက်ဖို့ ရွေးချယ်တာကို ကြည့်ခြင်းအားဖြင့် ၂ နိုင်ငံ ဆက်ဆံရေးကို ဘယ်လောက်အလေးထားသလဲဆိုတာ ပြသနေတယ်လို့ အိမ်ရှေ့မင်းသားက ပြောကြားခဲ့ပါတယ်။
Pakistan နိုင်ငံမှာရောက်နေချိန်မှာပဲSaudi အကျဉ်းထောင်တွေမှာ ဖမ်းဆီးထားတဲ့ Pakistan နိုင်ငံသား ၂ ထောင်ကျော်ကို ပြန်လွှတ်ပေးဖို့ အိမ်ရှေ့မင်းသားက အမိန့်ထုတ်ခဲ့ပါတယ်။ Saudi Arabia နိုင်ငံမှာ အလုပ်လုပ်နေတဲ့ Pakistan ၂ သန်းခွဲလောက် ရှိပါတယ်။ Pakistan နိုင်ငံအတွက် ရေနံလိုအပ်ချက်ကို အဓိက Saudi Arabia က ရရှိနေတာဖြစ်ပါတယ်။
ဒေါ်လာဘီလျံ ၂၀ Saudi ကရင်းနှီးမြှပ်နှံမယ့်ထဲမှာ Gwadar မြို့မှာ ဒေါ်လာ ၈ ဘီလျံလောက်ကုန်ကျမယ့် ရေနံချက်စက်ရုံတည်ဆောက်မယ့် အစီအစဉ်ပါဝင်ပါတယ်။ Pakistan နဲ့ Saudi Arabia ၂ နိုင်ငံကြား ဆက်ဆံရေးတိုးမြှင့်ဖို့ ရည်ရွယ်တဲ့ ၂ ရက်ကြာခရီးစဉ်နဲ့ အိမ်ရှေ့မင်းသား bin Salman ဟာ Islamabad မြို့တော်ကို လာရောက်တာဖြစ်ပါတယ်။ အိမ်ရှေ့မင်းသား bin Salman ဟာ Pakistan ကနေ India နိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။
Your browser doesn’t support HTML5