Imran Khan ကိုထောင်ဒဏ် ၃ နှစ်ချ၊ ဖမ်းဆီး

PAKISTAN IMRAN KHAN

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Imran Khan ကို နိုင်ငံတော်ပိုင် လက်ဆောင်ပစ္စည်းတွေကို တရားမဝင် ရောင်းစားတယ်ဆိုတဲ့ အမှုအတွက် ပြည်ထောင်စု တရားရုံးက ထောင်ဒဏ် ၃ နှစ် ဒီနေ့ ချမှတ်လိုက်ပြီးတဲ့နောက် သူ့ကို ရဲက ဖမ်းဆီးလိုက်ပါတယ်။ အဖမ်းမခံရခင် Imran Khan က သူ့အပေါ်ထောက်ခံသူတွေကို Video မိန့်ခွန်းပြောကြားပြီး ကိုယ့်အခွင့်အရေးကို ဆက်လက်တောင်းဆိုကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ကိုယ့်စိတ်ကြိုက်အစိုးရကို မဲပေးရွေးချယ်ခွင့်ဟာ လူတိုင်းမှာရှိတဲ့ အခြေခံ အခွင့်အရေးကြီးဖြစ်တာမို့ ဒီအခွင့်အရေးအတွက် ငြိမ်းငြိမ်းချမ်းချမ်း ဆက်လက် ဆန္ဒပြတောင်းဆိုရမယ်လို့ Imran Khan က ဗီဒီယိုမိန့်ခွန်းနဲ့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ မတရားအုပ်ချုပ်နေတာကို အိမ်မှာနေပြီး ငြိမ်ခံမနေကြပါနဲ့လို့ Lahore မြို့ကသူ့ရဲ့နေအိမ်ကနေ အဖမ်းမခံရခင်လေးမှာ မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

ရဲကဖမ်းဆီးလိုက်တဲ့ Imran Khan ကို အမှုစီရင် ပြစ်ဒဏ်ချခဲ့တဲ့ Islamabad မြို့တော် အကျဉ်းထောင်မှာ အကျဉ်းချထားမှာဖြစ်တယ်လို့ အစိုးရနဲ့ သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။ အယူခံတရားရုံးက ဒီအမိန့်ကို ပြန်ပြင် ဆုံးဖြတ်ပေးခြင်းမရှိရင်တော့ Imran Khan အနေနဲ့ နိုင်ငံရေးလုပ်ခွင့် ၅ နှစ် ကန့်သတ်ခံရမှာဖြစ်တာကြောင့် အခုနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံခွင့်ရှိမှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

သူ့ရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ Pakistan Tehreek-e-Insaf ပါတီကတော့ ဒီဆုံးဖြတ်ချက်အပေါ် ဗဟိုတရားရုံးချုပ်မှာ ချက်ခြင်း အယူခံဝင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။