(Zawgyi/Unicode)
ပါကစ္စတန်မှာ သြဇာအာဏာကြီးမားတဲ့ စစ်တပ်ကို ဝေဖန်တာကြောင့် အလုပ်က ထုတ်ခံရကြောင်း ကျော်ကြားတဲ့ ရုပ်သံ နိုင်ငံရေး ဆွေးနွေးခန်း တင်ဆက်သူ တဦးက တနလာၤနေ့မှာ ပြောပါတယ်။
ပါကစ္စတန်က ပုဂ္ဂလိက ရုပ်သံ အစီအစဉ် Geo News လိုင်းမှာ နိုင်ငံရေး ဆွေးနွေးခန်း အစီအစဉ် Capital Talk ကို တင်ဆက်သူ Hamid Mir က အလုပ်က ထုတ်ခံရတာ အသစ်အဆန်းတော့ မဟုတ်ကြောင်း၊ အလုပ်ကနေ ၂ ခါ ထုတ်ပယ် ခံခဲ့ရဖူးပြီး ဖြစ်ကြောင်း တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ပါကစ္စတန် မြို့တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လူတစုက အိမ်ခန်းတွင်း ဝင်ရောက် ရိုက်နှက်ခံခဲ့ရတဲ့ သတင်းထောက် Asad Ali Toor ကိုထောက်ခံတဲ့ လူထု စုဝေးပွဲ တခုမှာ ရုပ်သံ ဆွေးနွေးခန်း တင်ဆက်သူ Mir က စစ်တပ်ကို ဝေဖန်ခဲ့ပြီးနောက် ရက်ပိုင်း အကြာမှာ အလုပ်က ထုတ်ခံရကြောင်း ကြေညာချက် ထွက်လာတာပါ။ Mir ရဲ့ ပြောဆိုချက် အပေါ်မှာ Geo News ရုပ်သံလိုင်း ဘက်ကတော့ တစုံတရာ မတုံ့ပြန်ပါဘူး။ ဗွီအိုအေက ဆက်သွယ် မေးမြန်းတာကိုလည်း သတင်းဌာနဘက်က မဖြေပါဘူး။
လုပ်ကြံ သတ်ဖြတ်ဖို့ ကြံစည်မှုတွေကနေ လွတ်မြောက်ခဲ့သူ ဖြစ်ပေမယ့် အခြေခံ ဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးတွေကို တောင်းဆိုမှုကို ဆက်လုပ်မယ်၊ ဒီတကြိမ်မှာတော့ မိသားစုကို ခြိမ်းခြောက်လာတာကြောင့် အရာရာကို အဆုံးစွန်ထိ ရင်ဆိုင်ဖို့ အသင့်ရှိနေပြီလို့လည်း ရုပ်သံ အစီအစဉ် တင်ဆက်သူ Hamid Mir က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ သူ့ရဲ့ တွစ်တာမှာတော့ ပါကစ္စတန် ဌာနဆိုင်ရာတွေ လူပုဂ္ဂိုလ်တွေကို တိုက်ရိုက် ရည်ညွှန်း ရေးသားထားခြင်းတော့ မရှိပါဘူး။ ဌာနဆိုင်ရာတွေရဲ့ ဖိအားပေးမှုကြောင့် ရုပ်သံဌာနက Mir ကို အစီအစဉ် တင်ဆက်မှု တားမြစ်ထားတာလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။
ဒေသဆိုင်ရာ သတင်းထောက်များ အဖွဲ့ကတော့ ရုပ်သံဌာနဘက်က ရှင်းလင်းပြောဆိုဖို့ တောင်းဆိုထားပါတယ်။ ပြည်တွင်း အသံလွှင့် အဖွဲ့တွေ အရေး အစိုးရဘက်က စွက်ဖက်မှု မရှိဘူးလို့ ပြန်ကြားရေး ဝန်ကြီး Fawad Hussain Chaudhry က တွစ်တာမှာ ရေးပါတယ်။
ရုပ်သံ အစီအစဉ် တင်ဆက်သူ Hamid Mir ဟာ ၂၀၁၄ ခုနှစ်တုန်းက ကရာချိ မြို့မှာ သေနတ်နဲ့ ပစ်ခံခဲ့ရပြီးနောက် ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တာပါ။ ဒီတိုက်ခိုက်မှုဟာ ပါကစ္စတန် ထောက်လှမ်းရေး အဖွဲ့ လက်ချက်လို့ သူနဲ့ သူ့မိသားစုက ပြစ်တင်ခဲ့ပေမယ့် စွပ်စွဲခံရသူတွေကတော့ ငြင်းဆိုထားပါတယ်။
Your browser doesn’t support HTML5
..............
(Unicode)