၂၀၁၈ ဖဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု FBR ဆေးမှူး Saw Joseph ရရှိ

အီရတ်နိုင်ငံ မူဆိုလ် မြို့မှာ ဒဏ်ရာရသူတဦးကို ဆေးဝါးကုသပြုစုပေးနေတဲ့ FBR ဆေးမှူး Saw Joseph ( Photo- FBR, December 20, 2016)

၂၀၁၈ခုနှစ်အတွက် ဖဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို Free Burma Rangers (FBR) အဖွဲ့က ကယ်ဆယ်ကူညီရေး လုပ်သား Saw Joseph ကိုချီးမြှင့်မယ်လို့ Phan ဖောင်ဒေးရှင်းအဖွဲ့က ကြေညာပါတယ်။

Saw Joseph ဟာ FBR အဖွဲ့ရဲ့ ထိပ်တန်းကျန်းမာရေး ဝန်ထမ်းတဦးဖြစ်ပြီး ကောသူလေး တောတွင်းဆေးကျောင်းက ထူးချွန်စွာအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ ကရင်၊ ကချင်၊ ရှမ်းပြည်နယ်တွေမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို ဖြည့်ဆည်း လုပ်ဆောင်နေသလို FBR အဖွဲ့ဝင်သစ်တွေကို လေ့ကျင့်သင်တန်းပေးနေတဲ့ သင်တန်းဆရာတဦးဖြစ်ပါတယ်။

ဖဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုဟာ လူ့အဖွဲ့အစည်းတွေ ဖွံဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ရာမှာ ထူးချွန်တဲ့လူငယ်တွေကို နှစ်စဉ်ချီးမြှင့်တဲ့ဆုဖြစ်ပြီးတော့ ဆုချီးမြှင့်ခံရသူအနေနဲ့ သူ့ရဲ့လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် ငွေသားဒေါ်လာ ၂၀၀၀ ချီးမြှင့်ခံရပါလိမ့်မယ်။ မူတရောမှာ ကျင်းပမယ့် ကရင့်တော်လှန်ရေး နှစ် (၇၀)ပြည့် အခမ်းအနားမှာ ဒီဆုကို ချီးမြှင့်မယ်လို့ ကြေညာထားပါတယ်။