အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးစည်းဝေးပွဲမှာ မြန်မာပြဿနာကြောင့် အဖွဲ့တွင်း တင်းမာမှုတွေ ဆက်ကြီးမားလာနေတယ်လို့ သုံးသပ်သူတွေက ထောက်ပြနေပါတယ်။ အင်ဒိုနီးရှားအနေနဲ့ ဥက္ကဋ္ဌ တာဝန်အရ အဆင့်နှိမ့်ဆက်ဆံဖို့ ကြိုးပမ်းနေချိန်မှာ ထိုင်းနိုင်ငံရဲ့ သီးသန့်ဆက်ကြိုးပမ်းနေမှုကြောင့် အခုလို တင်းမာမှုတွေ ဆက်ဖြစ်လာတာလို့ USIP အမေရိကန် ငြိမ်းချမ်းရေးအဖွဲ့ အကြီးတန်း အရာရှိက ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။ စစ်တပ်ကိုတော်လှန်တိုက်ခိုက်သူတွေရဲ့ စစ်အင်အား ပိုကြီးမားလာချိန်မှာ အာဆီယံ ဥက္ကဋ္ဌအနေနဲ့ ပိုပြီးမဟာဗျုဟာကျကျ ချိတ်ဆက်လုပ်ဆောင်ဖို့ လိုနိုင်တယ်လို့ ဗွီအိုအေသတင်းထောက် Cindy Spang နဲ့ သီးသန့်အင်တာဗျုးမှာ ပြောခဲ့တဲ့အကြောင်း ကိုဝင်းမင်းက အပြည့်အစုံ တင်ပြပေးပါမယ်၊
လက်ရှိ အာဆီယံအဖွဲ့အတွင်း မြန်မာအခြေအနေတိုးတက်ရေးလုပ်ရာမှာ အဓိကဖြစ်နေတဲ့ ပြဿနာကို ဗွီအိုအေသတင်းထောက်က မေးရာမှာ၊ USIP အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Jason Tower က အာဆီယံ ဥက္ကဋ္ဌနဲ့ ထိုင်း အကြား တင်းမာမူ ဆက်ဖြစ်နေတာကြောင့်ဖြစ်တယ်လို့ သူ့အမြင်ကို ခုလိုပြောကြားခဲ့ပါတယ်၊
“တချို့တင်းမာမှုတွေက အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းတို့အကြား မတူတဲ့ကြိုးပမ်းမှုတွေကြောင့် ဖြစ်လာရတာပါ။ ထိုင်းအနေနဲ့က မြန်မာ့ အိမ်နီးချင်း တရုတ်၊ အိန္ဒိယအပါအဝင် တခြားအိမ်နီးချင်းတွေနဲ့ အုပ်စုဖွဲ့ပြီး မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံညှိုနှိုင်းဖြေရှင်းဖို့ သူ့နည်းသူ့ဟန်နဲ့ လုပ်လာနေပါတယ်။ အခုလို ထိုင်းက သီးသန့် အုပ်စုဖွဲ့ကြိုးပမ်းလာတာက အာဆီယံ ဥက္ကဌ အင်ဒိုနီးရှားရဲ့ ကြိုးပမ်းမူူကို အနှောက်အယှက်ဖြစ်စေတာ ပိုပို သိသာလာနေပါတယ်။ အဲ့ဒိတော့ အင်ဒိုနီးရှားက ဥက္ကဋ္ဌအနေနဲ့ မဟာဗျုဟာပိုကျအောင် ဆက်လုပ်ဖို့ လိုနိုင်တာက၊ ဒီအာဆီယံအဖွဲ့ဝင်အသီးသီးရဲ့ ကြိုးပမ်းချက်တွေက ဘုံရည်မှန်းချက်ရောက်အောင် တပြေးညီ ကြိုးစားနေတာမျိုးဖြစ်ဖို့ ပိုပြီး တွန်းတွန်းတိုက်တိုက် ချိတ်ဆက်ညှိုနှိုင်းသွားဖို့ပါ။”
အခုလို ကွဲပြားမှု အဓိက ဖြစ်နေတာက အာဆီယံကျွန်းနိုင်ငံတွေအများစုဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူအပါအဝင် နိုင်ငံတွေက မြန်မာကို အဆင့်နှိမ့်ဆက်ဆံလိုတာနဲ့ ထိုင်းအပါအဝင် အာဆီယံကုန်းတွင်းကျနိုင်ငံအများစုဘက်က မြန်မာကို အဆင့်မြှင့် ပြန်ဆက်ဆံဖို့ ကြိုးပမ်းမှုကြောင့် ဖြစ်နေတာလို့ Jason Tower က ဆက်ရှင်းပြပါတယ်။ အဲ့ဒီတော့ အခုလို ကွဲပြားမှုတွေရဲ့ နောက်မှာ အခု ထိပ်သီးပွဲကိုလည်း တက်လာတဲ့ အင်အားကြီး အမေရိကန်နဲ့ တရုတ်တို့ ပတ်သက်မှုကို ဆက်မေးရာမှာ Jason Tower က အခုလိုရှင်းပြပါတယ်။
“အာဆီယံနိုင်ငံအားလုံး သဘောတူထားတာက အာဆီယံရဲ့ အချက်အချာကျအရေးပါမှု ဆက်ရှိနေအောင်ပါ။ ဒီအတွက် တရုတ်ဘက်ကလည်း အာဆီယံ ညီညွတ်မှုလိုတယ်ဆိုပြီး မြန်မာအပေါ် အများကြီး ဖိအားပေးကန့်သတ်တာတွေ မလုပ်ဖို့ တိုက်တွန်းနေတာမှာ၊ မြန်မာနဲ့ ပို ချိတ်ဆက်ညှိုနှိုင်းလုပ်ဖို့ သဘောထားရှိတဲ့ ဒီ အာဆီယံကုန်းတွင်းပိုင်း ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုတို့ပြောတာကို ကြည့်ပြီး လုပ်နေတာပါ။ တဖက်မှာတော့ အာဆီယံကျွန်းနိုင်ငံအများစုကတော့ အမေရိကန်နဲ့ သဘောထား ပိုတိုက်ဆိုင်နေတာမှာ မြန်မာစစ်တပ်ဟာ နိုင်ငံရေးအရ တရားဝင်မှုမရှိဘူး၊ အာဆီယံ ဘုံသဘောတူချက် ၅ ချက်အတွက်လည်း တိုးတက်မှုတွေရှိလာအောင် လက်တွေ့ ဖော်ဆောင်တာမရှိဘူး၊ ဖော်ဆောင်လိုစိတ်လည်းမရှိဘူးလို့ မြင်ထားပါတယ်။”
ဒါအပြင် အင်ဒိုနီးရှား ဦးဆောင်တဲ့ နိုင်ငံတွေဘက်က အာဆီယံဘုံသဘောတူချက် (၅) ရပ်ကို ပြုပြင်ပြောင်းလဲနိုင်ရေး ခုခံမှုအင်အားကြီးလာတဲ့ NUG (အမျိုးသားညီညွှတ်ရေးအစိုးရ) နဲ့ပါ ချိတ်ဆက်ဆောင်ရွက်လာချိန်မှာ ဒီတင်းမာမှု ပိုဖြစ်လာတယ်လို့ Jason Tower က ဆက်ရှင်းပြပါတယ်။
“လက်နက်ကိုင်ခုခံပြန်တိုက်နေတဲ့အဖွဲ့တွေအကြား ချိတ်ဆက်ညှိုနှိုင်းဆောင်ရွက်မှုတွေ ပိုလုပ်လာပြီး၊ စစ်အုပ်စုကို တိုက်ခိုက်ရာမှာ အရင်သမိုင်းမှာ မကြုံဖူးလောက်အောင်ကို ဆက်အားကောင်းလာနေတယ်ထင်ပါတယ်။ အဲ့ဒီတော့ အရင် အာဏာသိမ်းအပြီး အစပိုင်း ပြန်တိုက်ခိုက်မှုတွေနဲ့ မတူတော့ဘဲ၊ စစ်တပ်ရဲ့ အရေးပါတဲ့ လေတပ်စခန်းတွေ၊ လေယာဉ်ကွင်းတွေ၊ အဓိကကျတဲ့ လမ်းပန်းဆက်သွယ်ရေးအဆောက်အအုံတွေကို ပိုပစ်မှတ်ကျကျ နှောက်ယှက်တိုက်ခိုက်မှုတွေ လုပ်လာနိုင်တာတွေ တွေ့နေရပါတယ်။ အဲ့ဒီတော့ ဒီလက်နက်ကိုင် ခုခံမှုက ပိုအင်အားကောင်း အဆင့်မြင့်လာပြီး စစ်တပ်ကို အရင်နဲ့မတူအောင် ထိုးနှက်တိုက်ခိုက်လာနိုင်နေပါတယ်။”
တကယ်တော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဒီ အာဆီယံထိပ်သီးပွဲ မတိုင်ခင်လေး မြန်မာကို လျှို့ဝှက်သွားခဲ့ပြီး မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထူးထူးခြားခြား တွေ့ခဲ့တာကနေ အခုလို ဆက်ဖြစ်လာတာမို့ အာဆီယံအနေနဲ့ ဆက်ညှိုနှိုင်းဖို့ အရေးကြီးတယ်လို့ သုံးသပ်သူတွေက ထောက်ပြနေကြပါတယ်။
Your browser doesn’t support HTML5
Your browser doesn’t support HTML5