ဥရောပသမဂ္ဂ EU ထဲမှာ ဗြိတိန်နိုင်ငံ ဆက်နေမယ် မနေဘူးဆိုတာကို ဗြိတိန် မဲဆန္ဒရှင်တွေ ဇွန်လ ၂၃ ရက်နေ့မှာ လူထုဆန္ဒခံယူပွဲ နဲ့ မဲပေးဆုံးဖြတ်ဖို့ရှိနေတဲ့ အပေါ် အပြင်းအထန် အငြင်းပွားနေကြတဲ့ကိစ္စ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားကလည်း သူ့ရဲ့ သဘောထားကို ထုတ်ပြောလိုက်ပါတယ်။
လန်ဒန်မြို့တော်အပြင်ဘက်က Stansted လေဆိပ်မှာ ကြာသပတေးနေ့နှောင်းပိုင်းက အမေရိကန်သမ္မတရဲ့ Air Force One လေယာဉ် ဆင်းသက်ပြီး အချိန်ပိုင်းအတွင်းမှာပဲ ထုတ်ဝေတဲ့ The Telegraph သတင်းစာထဲမှာ သမ္မတအိုဘားမားက ဆောင်းပါး တစောင်ရေးပြီး ပြောထားတာပါ။
ဗြိတိန်နိုင်ငံအနေနဲ့ EU ထဲမှာဆက်နေဖို့ သမ္မတအိုဘားမားက တိုက်တွန်းထားပြီး ဒါဟာ ဗြိတိန် နိုင်ငံကို ပိုပြီး အားကောင်းစေလိမ့်မယ်လို့ ဆိုပါတယ်။
ဗြိတိန်နိုင်ငံအနေနဲ့ EU ထဲမှာ ဆက်နေမယ် မနေဘူးဆိုတာကို ဆုံးဖြတ်တာဟာ အဆုံးမှာတော့ ဗြိတိသျှမဲဆန္ဒရှင်တွေကိုယ်တိုင် ဆုံးဖြတ်ရမယ့်ကိစ္စပါလို့ မစ္စတာအိုဘားမားက ရေးပါတယ်။ ဥရောပသမဂ္ဂဟာ ဗြိတိသျှ သြဇာအရှိန်အဝါကို လျော့မသွားစေဘဲ ပိုပြီး အားကောင်းစေပါတယ်၊ အားကောင်းတဲ့ ဥရောပဟာ ဗြိတိန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုအတွက် ခြိမ်းခြောက်မှုတခု မဟုတ်ပါဘူး၊ ဗြိတိန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုကို အားကောင်းစေပါတယ်လို့ မစ္စတာအိုဘားမားက ရေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံအကြား - အမေရိကန်ခေါင်းဆောင်တွေ ကာလရှည်ကြာ ပြောဆိုလာတာအရဆိုရင်ဖြင့် - အထူးဆက်ဆံရေးတရပ်ရှိပြီး ၂၈ နိုင်ငံပါ EU ထဲမှာ ဗြိတိန်နိုင်ငံ အဖွဲ့ဝင်အဖြစ်ဆက်ရှိနေတာဟာ အမေရိကန်ရဲ့ သဘောထားကို ပြောဆိုနိုင်တဲ့အခြေအနေတရပ်အဖြစ် အမေရိကန်ပြည်ထောင်စုက မြင်ပါတယ်။