ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ ခံစားခဲ့ရသလိုမျိုး နောက်တကြိမ် ထပ်မဖြစ်အောင် တားဆီးဖို့ တကမ္ဘာလုံးမှာ တာဝန်ရှိတယ်လို့ အမေရိကန်သမ္မတ ဘရာ့ခ်အိုဘားမား က ပြောလိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၇၀က ဟီရိုရှီးမားမြို့ကို အနုမြူဗုံးနဲ့ တိုက်ခိုက်ခဲ့တာမှာ သေဆုံးသွားသူတွေကို အမှတ်တရ ဂုဏ်ပြုရင်းနဲ့ သမ္မတ အိုဘားမားက အဲ့လိုပြောသွားတာပါ။
"ဒီမြို့လည်မှာ ကျနော်တို့ရပ်ပြီး ဗုံးကျလာတဲ့အခိုက်အတန့်ကို စိတ်ကူး အတွေးထဲ မြင်ယောင်ကြည့်ကြပါတယ်။ သူတို့မြင်ရတာ ဘာမှန်း သေချာမသိပဲ ဇဝေဇဝါဖြစ်နေတဲ့ ကလေးငယ်တွေ ရဲ့ကြောက်ရွံ့ထိတ်လန့်စိတ်ကို ခံစားကြည့်ကြပါတယ်။ တိတ်ဆိတ်တဲ့ ငိုကြွေးသံကို ကျေျနာ်တို့ နားထောင်ပါတယ်။ အဲ့ဒီ့ဆိုးရွားတဲ့စစ်ပွဲတွေမှာ အဲ့ဒီ့မတိုင်ခင် စစ်ပွဲတွေမှာ အဲ့ဒီ့နောက်ပိုင်း စစ်ပွဲတွေမှာ သေဆုံးသွားတဲ့ အပြစ်မဲ့သူတွေကို ကျေျနာ်တို့ အောက်မေ့သတိရကြပါတယ်လို့ ဟီရိုရှီးမား ငြိမ်းချမ်းရေး အမှတ်တရ ငြိမ်းချမ်းရေးပန်းခြံမှာ သမ္မတ အိုဘားမား က ပြောသွားတာပါ။ အဲ့ဒီ့ပန်းခြံကို သမ္မတ အိုဘားမားနဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲတို့ အတူဖြတ်လျောက်ပြီးတော့ သမိုင်းမှတ်တမ်းတင်ကြပါတယ်။
ဒုတိယကမ္ဘာစစ်အဆုံးသတ်ခါနီး ရက်ပိုင်းအတွင်း ၁၉၄၅ခုနှစ် သြဂုတ်လ ၆ရက်နေ့မှာ အမေရိကန်စစ်လေယာဉ်တစင်းက ကမ္ဘာ့ပထမဆုံး အနုမြူဗုံးကို ဟီရိုရှီးမားမြို့မှာ ကျဲချခဲ့တာပါ။ အဲ့ဒီ့တိုက်ခိုက်မှုကြောင့် လူထောင်ပေါင်းများစွာ သေဆုံးပြီး နောက်ထပ် မျိုးဆက်ပေါင်းများစွာ ရေဒီယိုဒြပ်သတ္တိ အဆိပ်သင့်ခဲ့ကြရပါတယ်။
အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားဟာ အမေရိကန်က ပထမဆုံး အနုမြူဗုံးနဲ့ တိုက်ခိုက်ခဲ့တဲ့ ဂျပန်နိုင်ငံ၊ ဟီရိုးရှီးမားမြို့ကို လက်ရှိ သက်တမ်းကာလအတွင်း သွားတဲ့ ပထမဆုံး အမေရိကန်သမ္မတဖြစ်သွားပါပြီ။ ဟီရိုရှီးမား ငြိမ်းချမ်းရေး အမှတ်တရ ဗိမာန် မှာ လွမ်းသူ့ပန်းခွေချပြီးတဲ့နောက် ဒီဖြစ်ရပ်ကို ဘယ်တော့မှ မမေ့သင့်တဲ့အကြောင်း သမ္မတအိုဘားမားက ပြောပါတယ်။
“လွန်ခဲ့တဲ့ ၇၁ နှစ်က တိမ်တိုက်တွေမရှိဘဲ တောက်ပတဲ့ မနက်ခင်းတခု မှာ သေခြင်းတရားဟာ ကောင်းကင်ကနေကျလာပြီး ကမ္ဘာကြီး ပြောင်းလဲ သွားပါတယ်။ အလင်းရောင်တန်းကြီး ပေါ်လာပြီး မီးတောက်မီးလျှံကြီးက မြို့တမြို့ကို ဖျက်ဆီးပစ်လိုက်ပါ တယ်။ လူသားဟာ ကိုယ့်ကိုယ်ကို ဖျက်ဆီးပစ်ဖို့ နည်းလမ်းတွေကို ပိုင်ဆိုင်ထားတယ်ဆိုတာ သက်သေပြလိုက်တာပါပဲ။” လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
ကိုရီးယားနဲ့ အမေရိကန်နိုင်ငံသားတွေအပါအဝင် အနုမြူဗုံးကြောင့် သေဆုံး သွားရသူတွေကို ဂုဏ်ပြုဖို့ သူ လာရောက်တာ ဖြစ်ပါ တယ်လို့လည်း သမ္မတ အိုဘားမားက ဆက်ပြောပါတယ်။ ဟီရိုရှီးမားမြို့ကို အနုမြူဗုံးနဲ့တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာတော့ သမ္မတအိုဘားမားက တောင်းပန်စကားမဆိုခဲ့ပါဘူး။ အဲဒီ အစား အခုဆိုရင် လုံခြုံရေးဆိုင်ရာ ဘုံတူညီတဲ့ စိုးရိမ်မှုတွေနဲ့ တာဝန်တွေရှိနေပြီဖြစ်တဲ့ အရင်က ရန်ဖက် နှစ်နိုင်ငံအကြား တည်ဆောက်ထားတဲ့ ချစ်ကြည်ရင်းနှီးမှုကိုပဲ မီးမောင်းထိုး ပြောဆိုသွားပါတယ်။
ဟီရိုရှားမားကို အနုမြူဗုံးနဲ့တိုက်ခိုက်ပြီး နောက်သုံးရက်အကြာမှာ နာဂါဆာကီမြို့ကို နောက်ထပ် အနုမြူ ဗုံးနဲ့ ထပ်တိုက်တာကြောင့် လူ ထောင်ပေါင်းများစွာ ထပ်ပြီး သေဆုံးရပါတယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာတော့ ဂျပန်နိုင်ငံအနေနဲ့ ခြွင်းချက်မရှိ လက်နက်ချတဲ့အကြောင်း ဂျပန်ဧကရာဇ်ဘုရင် ဟီရိုဟီတိုက ကြေညာခဲ့ပါတယ်။
Your browser doesn’t support HTML5
Your browser doesn’t support HTML5