အာဖဂန်ရောက် တပ်ရုပ်သိမ်းရေး Obama အချိန်ဆွဲ

အာဖဂန်ရောက် အမေရိကန်တပ်သားများ။

အီရတ်နဲ့ အာဖဂန်နစ္စတန်က အမေရိကန်စစ်ပွဲတွေ အဆုံးသတ်ဖို့ ကတိပေးပြီး တာဝန်ယူခဲ့တဲ့ သမ္မတ ဘရက်ခ် အိုဘားမားအတွက်တော့ - အာဖဂန်ကနေ တပ်ဖွဲ့တွေ အချိန်ဆွဲပြီး ရုပ်သိမ်းသွားမယ့် အကြောင်း ကြေညာရတာဟာ သိပ်တော့ မလွယ်လှပါဘူး။

သမ္မတ အိုဘားမား ကတော့ သူ့အနေနဲ့ အဆုံးမရှိတဲ့ စစ်ပွဲမျိုးကို လက်မခံသလို၊ အမေရိကန်ရဲ့ အရေးကြီးတဲ့ လုံခြုံရေးအကျိုးစီးပွားကို အထောက်အကူ မဖြစ်စေတဲ့ အကန့်အသတ်မဲ့ စစ်ရေးပဋိက္ခထဲ ချဉ်းနင်းဝင်ရောက်တာမျိုးကိုလည်း ထပ်တလဲလဲ ကန့်ကွက်ခဲ့ဘူးပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

သမ္မတ အိုဘားမား အာဖဂန်က ကန်-တပ်သားတွေ အရေး မိန့်ခွန်းပြောကြားစဉ်။

ကာကွယ်ရေးဝန်ကြီး Ash Carter၊ ဒုသမ္မတ Joe Biden၊ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ Joseph Dunford တို့နဲ့အတူ သမ္မတ အိုဘားမား ကြေညာချက် ကို ပြောဆိုခဲ့ရာမှာတော့ - အာဖဂန်က တပ်အင်အားကို သူ့သမ္မတ သက်တမ်း ကုန်ဆုံးမယ့် ၂၀၁၇ ဇန်နဝါရီလမှာ တပ်သားအရေအတွက် ၅၅၀၀ ကို မလျှော့ချခင် - ၂၀၁၆ တနှစ်လုံးနီးပါးမှာ လက်ရှိ အရေအတွက် ၉၈၀၀ အတိုင်း ဆက်ထားဖို့ ကြေညာခဲ့ပါတယ်။

အာဖဂန်သမ္မတ အာရှရဖ် ဂါနီ က - ဒီဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး၊ သမ္မတနှစ်ဦးအကြား လအတန်ကြာ ဆက်လက် ဆွေးနွေးခဲ့ကြပြီးတဲ့နောက် ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်တယ်လို့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။