အာဆီယံ လူငယ်ခေါင်းဆောင်တွေနဲ့ မိတ်ဖက်အဖြစ် အမေရိကန်လက်တွဲမည်

မလေးရှားနိုင်ငံ၊ Malaya တက္ကသိုလ်အတွင်း Town Hall Meeting မှာ သမ္မတအိုဘားမားနဲ့ အာရှလူငယ်များ တရင်းတနှီးတွေ့ဆုံကြစဉ်။ (ဧပြီလ ၂၇၊ ၂၀၁၄)

လက်ရှိကမ္ဘာမှာ ကြုံတွေ့နေတဲ့ ပြဿနာတွေကို မျိုးဆက်သစ်လူငယ်တွေအနေနဲ့ ကြိုးစားဖြေရှင်းတဲ့အခါ အမေရိကန်ပြည်ထောင်စုအနေနဲ့ မိတ်ဆွေအဖြစ် ဆက်လက်ရှိနေမယ်လို့ သမ္မတ ဘရက်ခ် အိုဘားမားက ပြောကြားခဲ့ပါတယ်။ ဒီကနေ့ မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ၁၀ နိုင်ငံက လူငယ်တွေနဲ့ တွေ့ဆုံပွဲမှာ အဲ့ဒီလို ပြောကြားခဲ့တာပါ။ ဒီပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု လူငယ်ခေါင်းဆောင်တွေကလည်း သမ္မတအိုဘားမားကို မတူကွဲပြားမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားရဲ့ (YSEALI) လို့ခေါ်တဲ့ အရှေ့တောင်အာရှ လူငယ်ခေါင်း ဆောင်များ ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်အရ - ဒီကနေ့ ကွာလာလမ်ပူမြို့တော် မလေးရှားတက္ကသိုလ်မှာ အာဆီယံ ၁၀ နိုင်ငံက လူငယ်ခေါင်းဆောင် ၁၀၃ ဦးနဲ့ တွေ့ဆုံတဲ့ Town Hall Meeting တခုကို ပြုလုပ်ခဲ့တာပါ။ ဒီအစီအစဉ်ဟာ သမ္မတ အိုဘားမားရဲ့ ၃ ရက်ကြာ မလေးရှားနိုင်ငံ ခရီးစဉ်ရဲ့ တစိတ်တပိုင်းလည်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဒေသတွင်း အာဆီယံလူငယ်မျိုးဆက်သစ်တွေကြား ပိုမို ရင်းနှီးမှုရှိလာအောင်နဲ့ ဒေသတွင်းနဲ့ ကမ္ဘာတဝှမ်းက အဓိကကျတဲ့ ပြဿနာတွေကို အမြင်ချင်း ဖလှယ်ဆွေးနွေးကြဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဒီပွဲအတွင်း သမ္မတအိုဘားမားက လူငယ်တွေရဲ့ အနာဂတ် အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။

“နောက်မျိုးဆက်တွေအတွက် ရှေ့လာမယ့် အနှစ် ၂၀၊ ၃၀ မှာ စိတ်ချလက်ချဖြစ်အောင် လုပ်နိုင်ဖို့က ခင်ဗျားတို့အပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီအချိန်ကျရင် အခြေအနေတွေက အရင်တုန်းကထက် အများကြီး ပိုကောင်းနေပါလားဆိုပြီး လူတွေက ပြောကြမှာပါ။ လာမယ့် အနှစ် ၂၀-၃၀ မှာလည်း ပြဿနာတွေက ရှိနေဦးမှာပါ၊ ဒါပေမဲ့လည်း ဒီကနေ့အချိန်မှာ ပြဿနာ တော်တော်များများကို ခင်ဗျားတို့ ရှင်းထားနိုင်တဲ့အတွက် တူမှာတော့ မဟုတ်တော့ပါဘူး။ အမေရိကန်အနေနဲ့ကတော့ ဒီလုပ်ငန်းစဉ်မှာ မိတ်ဖက်အဖြစ်နဲ့ ဆက်လက် လက်တွဲသွားမှာပါ။”

အခုလို သမ္မတ အိုဘားမားနဲ့ တွေ့ဆုံဖို့အတွက် အာဆီယံ ၁၀ နိုင်ငံက လူငယ်ခေါင်းဆောင်တွေကို ရွေးချယ်ရာမှာ မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ် ၁၀ ဦးလည်း ပါဝင်ခဲ့တာပါ။ သူတို့ ၁၀ ဦးစလုံးကတော့ တိုင်းနဲ့ပြည်နယ် အသီးသီးက လူမျိုး၊ ဘာသာမတူတဲ့ ပြီးတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံရေးနဲ့ လူထုအခြေပြုလုပ်ငန်းတွေမှာ လုပ်ကိုင်နေ ကြသူတွေ ဖြစ်ပါတယ်။ သူတို့အနေနဲ့ အခုလိုမျိုး သမ္မတ အိုဘားမားနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရတာနဲ့ ပတ်သက်လို့
“အခုထိအောင် စိတ်လှုပ်ရှားသေးတယ်။ ကျမတို့က ပထမတန်း ၂ တန်းလောက်မှာ ထိုင်ရတော့ သမ္မတအိုဘားမားနဲ့က ကိုယ်တိုင် လက်ဆွဲနှုတ်ဆက်ခွင့်လည်း ရလိုက်တယ်ရှင့်။ အရမ်းလည်းနီးကပ်တော့ စစချင်း ဒါ တကယ်လားလို့ - အဲလိုမျိုး ထင်မိတယ်ရှင့်။ သမီးတို့လို လူငယ်တွေကို အရမ်းကို လေးလေးစားစားနဲ့ ဆက်ဆံတယ်၊ ဖိတ်ခေါ်တယ်၊ အဲလိုမျိုး သူ့ကို အရမ်းလေးစားသွားတယ်ရှင့်။”

မမေဖြိုးဖြိုးအောင် ပြောပြခဲ့တာပါ။ တခါ ကချင်တိုင်းရင်းသား ဒေးဗစ်ဂွမ်အောင် ကလည်း -

“သမ္မတအိုဘားမားက အစကတည်းက ကျနော့်ရဲ့ Ideal Person ပေါ့နော်။ သူ့ကို ကျနော် အစကတည်းက လေးစားပါတယ်။ လူချင်းတွေ့တော့ ပိုပြီးတော့တောင် သဘောကျသွားသေးတယ်။ ပြီးတော့သူက Cool ဖြစ်တယ်ပေါ့နော်၊ အရမ်းကိုမိုက်တယ်။ လူငယ်တွေနဲ့လည်း တသားတည်းဖြစ်သွားအောင်နေတယ်။ သမ္မတက အဲလိုမျိုး သူ့ဖာသာသူ စင်ပေါ်မှာနေနေတာမဟုတ်ဘဲနဲ့ ကျနော်တို့နဲ့ တသားတည်း၊ တထပ်တည်းဖြစ်တယ်။ ကျနော်တို့ရဲ့စိတ်ကို နားလည်ပေးတယ်။ ကျနော်တို့နိုင်ငံမှာလည်း အဲလိုခေါင်းဆောင်မျိုး လိုအပ်တယ်လို့ ပိုပြီး မြင်လာပါတယ်။”

ဒါ့အပြင် တက်ရောက်လာတဲ့ အာဆီယံ ၁၀ နိုင်ငံက လူငယ်တွေကို တနိုင်ငံချင်းစီ မေးခွန်းတခုမေးခွင့် ပေးခဲ့တာမှာ မြန်မာနိုင်ငံ ကိုယ်စားပြု မေးခွင့်ရခဲ့တဲ့ ကရင်တိုင်းရင်းသား စောထက်အောင်ခန့် က -

“ကျနော်မေးခဲ့တာက ကျနော်တို့နိုင်ငံကနေ အာဆီယံနိုင်ငံထဲမှာ တနိုင်ငံအပါအဝင်ပေါ့နော်- ကျနော်တို့အာဆီယံဒေသကို ပြန်ကြည့်တဲ့အခါမှာ ကွဲပြားခြားနားမှုတွေ အများကြီးရှိတယ်။ ဥပမာအားဖြင့် လူမျိုးတွေကွဲပြားမယ်၊ နောက်ပြီး ဘာသာစကားကွဲပြားမယ်၊ နောက်ပြီးတော့ သူတို့ရဲ့သမိုင်းတွေကလည်း ကွဲပြားမယ်၊ သူတို့ရဲ့အုပ်ချုပ်ပုံတွေကလည်း အကုန်လုံး ကွဲပြားမယ်ပေါ့။ အဲဒီလိုမျိုး ကွဲပြားခြားနားမှုတွေပေါ့နော်- အများကြီး ရှိတဲ့အခါမှာ အဲလိုမျိုး ကျော်လွှားပြီးတော့ နောက် ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်တွေကို သမ္မတအနေနဲ့ ဘယ်လိုများ ခွန်အားပေးချင်လဲဆိုတာလေး မေးခဲ့ပါတယ်။ ကျနော် အကြိုက်ဆုံးနဲ့ သတိရတာ တချက်ပဲ ကျနော် ပြောချင်တယ်။ အဲဒါက ဘာလဲဆိုတော့ သူကိုယ်တိုင်က ပြောခဲ့တယ်ပေါ့နော်- သူများရဲ့ဖိနပ်ကို ဝင်စီးကြည့်လိုက်ပါ။ ဝင်စီးကြည့်လိုက်ပြီးတော့မှ သူတို့ ခံစားသလို ခံစားကြည့်လိုက်ပါ-ပေါ့။ အဲလိုဆိုလို့ရှိရင် ကျနော်တို့အတွက် မေးခွန်းတွေ မေးစရာရှိလာမယ်၊ အမြင်တွေ အများကြီးတွေ့လာမယ်ပေါ့။ အဲဒီကနေပြီးတော့ ကျနော်တို့ ဘယ်လိုမျိုး အဖြေညှိပြီးတော့ ဘယ်လိုမျိုး ကောင်းမွန်တဲ့ အာဆီယံအသိုက်အဝန်းကို တည်ဆောက်မလဲ-ဆိုတာပါပဲ။”

သမ္မတ အိုဘားမားရဲ့ လူငယ်တွေအပေါ် လေးလေးစားစားနဲ့ အချိန်ပေး ပြန်လည်ဖြေကြားမှုတွေကို ၁၀၀ % သဘောကျမိတယ်လို့လည်း စောထက်အောင်ခန့်က ပြောဆိုခဲ့ပါတယ်။ ဒီလို အမေးအဖြေကဏ္ဍမတိုင်ခင်မှာတော့ သမ္မတအိုဘားမားက မိန့်ခွန်းပြောကြားခဲ့ပြီး - အဲ့ဒီမှာ အဓိကအနေနဲ့ ရာသီဥတုဖောက်ပြန်မှုလို ပြဿနာတွေ အပါအဝင် ကမ္ဘာမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေ၊ စစ်ပွဲတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလို ပြဿနာတွေကို မျိုးဆက်တိုင်း လူငယ်တွေက ဖြေးဖြေးချင်း ကြိုးစားဖြေရှင်းသွားဖို့ တာဝန်ရှိတယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာလူငယ်တွေကတော့ ဒီကနေ ရလာတဲ့ အတွေ့အကြုံတွေကို မြန်မာပြည် ပြန်ရောက်တဲ့အခါ မြန်မာလူငယ်တွေအကြား ပြန်ပြီး ဖလှယ်သွားမယ်လို့လည်း ကိုမင်းကိုကို က ပြောပါတယ်။

“ဒီ Workshop မှာဆိုလို့ရှိရင် ပရောဂျက်တွေကို ကျနော်တို့အနေနဲ့ စီစဉ်နေရပါတယ်။ Team အလိုက် ခွဲပြီးတော့ပေါ့နော်။ အဓိကအားဖြင့် education –Environment နဲ့ နောက် People’s Engagement နဲ့ နောက် Economics ဆိုပြီးတော့ လေးမျိုးခွဲထားပါတယ်။ အဲဒီမှာ team လေးတွေခွဲပြီးတော့ ကိုယ်ပိုင် ပရောဂျက်လေးတွေ စီစဉ်ကြပါတယ်။ ကျနော်တို့ပြန်ပြီဆိုတာနဲ့ ကိုယ်ပိုင် ပရောဂျက်လေးတွေကို ကျနော်တို့ရွေးချယ်ထားတဲ့ အခန်းကဏ္ဍကနေ စပြီးတော့ ကြိုးစားပြီး အကောင်အထည်ဖော်သွားမှာပါ။”

အာရှ-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိဖို့အတွက် အမေရိကန်က အလေးအနက်ထား ဆောင်ရွက်နေတယ်ဆိုတာကို ပြသဖို့ သွားရောက်တဲ့ ဒီအာရှလေးနိုင်ငံခရီးစဉ်အတွင်း အမေရိကန်သမ္မတတစ်ဦးအနေနဲ့ အခုလို အာဆီယံနိုင်ငံတွေက လူငယ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမှုဟာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။