ဒလိုင်းလားမားကို အိုဘားမား ချီးကျူးပြောဆို

ဝါရှင်တန်ဒီစီ မှာ ကျင်းပတဲ့ ဆုတောင်း နံနက်စာစားပွဲမှာ အမေရိကန်သမ္မတ အိုဘားမားက ဒလိုင်းလာမားကို နှုတ်ဆက်။ (ဖေဖော်ဝါရီ ၅-၂၀၁၅)

ပြည်ပကို တိမ်းရှောင်နေရတဲ့ တိဘက် ဘာသာရေးခေါင်းဆောင်နဲ့ အမေရိကန်ရဲ့ ပတ်သက်မှုမှန်သမျှ တရုတ်နိုင်ငံက ဆန့်ကျင် ကန့်ကွက်နေတာကို ဥပေက္ခာပြု ထားနိုင်တဲ့အတွက် ဘုန်းတော်ကြီး Dalai Lama ကို မေတ္တာရှင်ပုဂ္ဂိုလ်တဦး အဖြစ် သမ္မတ Barack Obama က ချီးကျူးလိုက်ပါတယ်။

ကြာသာပတေးနေ့ ဝါရှင်တန်ဒီစီ မှာ ကျင်းပတဲ့ ဆုတောင်း နံနက်စာစားပွဲကို ၂ ဦးစလုံး တက်ရောက် ခဲ့ကြပေမဲ့ Mr. Obama ဟာ ဘုန်းတော်ကြီး Dalai Lama နဲ့ တိုက်ရိုက် တွေ့ဆုံ တာမျိုးတော့ မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ နှစ်ဦးဟာ မလှမ်းမကမ်း မှာ ထိုင်ခဲ့ကြပြီး အပြန်အလှန် နှုတ်ဆက် တာမျိုးတော့ ပြုလုပ်ခဲ့ကြပါတယ်။

သမ္မတက နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်လာတဲ့ ဘာသာရေးခေါင်းဆောင်တွေ နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်တဲ့ ဧည့်သည် ၃၆၀၀ ခန့်ကို အမှာစကားပြောဆိုရာမှာ သူ့အနေနဲ့ မိတ်ဆွေကောင်းတဦးဖြစ်တဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး Dalai Lama ကို အထူးကြိုဆိုလိုပါကြောင်း၊ ဘုန်းတော်ကြီးဟာ မေတ္တာတရားကို ကျင့်ကြံသလို၊ လူသားတွေရဲ့ ဂုဏ်သိက္ခာနဲ့ လွတ်လပ်မှုအတွက် ထုတ်ဖေါ်ပြောဆိုဖို့ အမြဲဆော်သြနေသူ တဦး ဖြစ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

တရုတ်အစိုးရကတော့ တိဘက်ဒေသ ခွဲထွက်ရေး အတွက် လှုပ်ရှားတောင်းဆိုနေသူ ဘုန်းတော်ကြီး Dalai Lama ကို အန္တရာယ်ရှိသူတဦးအဖြစ်သာ သဘောထားနေပြီး၊ ဘုန်းတော်ကြီးနဲ့ တွေ့ဆုံတဲ့ နိုင်ငံခေါင်းဆောင် မှန်သမျှ ကိုလည်း ပြစ်တင် ဝေဖန်မှုတွေပြုလုပ်နေတာပါ။