ယင်းမာပင်ခရိုင် ညောင်ပင်ကြီးကျေးရွာမီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရစဉ် (ဇွန်၊ ၂၀၂၃)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်က ညောင်ပင်ကြီးကျေးရွာမှာ ဇွန်လ ၁၀ ရက်၊ ပြီးခဲ့တဲ့ စနေနေ့ကတည်းက နေအိမ်တွေ မီးရှို့ခံရပြီး၊ စစ်ကောင်စီအဖွဲ့တွေ ရွာထဲမှာဝင်နေလို့ ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ ညောင်ပင်ကြီးကျေးရွာ အပါအဝင် ရွာနီးစပ်က ကျေးရွာတွေမှာ နေထိုင်သူတွေပါ ဘေးလွတ်ရာ ပြေးနေရသူဦးရေ ၈,၅၀၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မခင်ဖြူထွေးက ပြောပြမှာပါ။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ညောင်ပင်ကြီးကျေးရွာမှာ ဇွန်လ ၉ ရက်၊ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ရွာရဲစခန်း ဝင်ရောက် တိုက်ခိုက်ခံရပြီး အဲဒီနေ့မှာ စစ်ကောင်စီက လေကြောင်းက ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဆားလင်းကြီးဒေသခံတဦးက ပြောပါတယ်။

"ညောင်ပင်ကြီးရဲစခန်းကို စခန်းသိမ်းပွဲလုပ်တော့ စကစ အရေးနိမ့်သွားတာပေါ့ဗျာ။ Mi-35 နဲ့ လာအပစ်ကူတယ်။ လေကြောင်းပစ်ကူ ပစ်ပြီးတဲ့နောက်ပိုင်းမှာ ဒီ နမခကနေလည်း မုံရွာကနေတဆင့် ချင်းတွင်းမြစ်ကို ကူးပြီးတော့ နောက်ထပ် ၂စီးနဲ့ အကူသွားတယ်ပေါ့။ စခန်းသိမ်းပွဲကလည်း စကစ ဘက်က ၁၀ ယောက်လောက်ကျတယ်လို့ သိရတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ် တပ်ပေါင်းစုကလည်း ၁ ယောက်ကျတယ်လို့ သိရတယ်။"

လေကြောင်းကနေ ပစ်ခတ်လို့ ဒေသခံ ၂ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ထိတွေ့မှုတွေရှိခဲ့ပြီး နောက်တနေ့မှာပဲ ညောင်ပင်ကြီးရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်နေထိုင်တယ်လို့ သိရပါတယ်။ အဲဒီနေ့ကစပြီး ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့အထိ ရွာထဲက နေအိမ်တွေ မီးရှို့ခံနေရပြီး၊ ဒေသခံတွေလည်း အိမ်မပြန်ရဲကြတဲ့ အခြေအနေမှာ ရှိနေပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်က ညောင်ပင်ကြီးကျေးရွာ မီးလောင်နေသည့်မြင်ကွင်း (ဇွန် ၁၅၊ ၂၀၂၃)

ဇွန်လ ၁၀ ရက်နေ့မှာ ရွာထဲကနေအိမ်တွေ မီးရှို့ခံခဲ့ရသလို၊ မေလ ၃၁ ရက်နေ့တုန်းက စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုဗန့်ဂျီလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြည်သူမှပြည်သူသို့ ပရဟိအဖွဲ့ဝင်တဦးက ပြောပါတယ်။

"အဲဒီ ၁၀ ရက်နေ့မှာပဲ လူတယောက်ကို စစ်ကောင်စီက ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့တယ်။ ပကဖ အဖွဲ့ဝင် ကိုဗန့်ဂျီက အခုလက်ရှိမှာ အဖမ်းခံရတာ မဟုတ်ပေမယ့် လွန်ခဲ့တဲ့ မေလ ၃၁ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရပြီးတော့ ညောင်ပင်ကြီးစခန်းသိမ်းပွဲ နောက်တရက်ပေါ့နော်၊ ၁၀ ရက်နေ့မှာ စစ်ကောင်စီရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ထားခြင်းကို ခံခဲ့ရတယ်။ အဲဒါအပြင် စစ်ကောင်စီက ဒီပြင့်ရပ်ကွက်ရှို့တယ်ဆိုရင် ကိုယ့်ရပ်ကွက်ကို ပစ္စည်းယူဖို့ ခဏတဖြုတ်သွားတဲ့ ပြည်သူ ၁၀ ယောက်ထက်မနည်း အဖမ်းခံရတာရှိသလို၊ ကင်းသမား - အသက် ၃၀ ပတ်ချာလည် လူငယ်တယောက်လည်း ပစ်သတ်ခြင်းခံခဲ့ရတယ်။ ၁၄ ရက်နေ့ နေ့ခင်းက အသတ်ခံရတာ၊ ၁၄ ရက်နေ့ ညအထိကို အလောင်းလည်း ကောက်လို့မရတဲ့ အခြေအနေအထိ ရှိခဲ့တယ်။"

စစ်ကောင်စီတပ်ဖွဲ့တွေ ရွာထဲဝင်နေပြီး၊ ရွာထဲက နေအိမ်တချို့ကို မီးရှို့တာတွေကြောင့် ညောင်ပင်ကြီးဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရသလို၊ ရွာနီးစပ်မှာ နေထိုင်သူတွေပါ ထွက်ပြေးနေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။ စစ်ရှောင်သူဦးရေက ၈,၅၀၀ ဝန်းကျင်မှာ ရှိနေတာပါ။ တချို့က ရွာလယ်ကွင်းထဲမှာသာ ဖြစ်သလိုနေရတဲ့ အခြေအနေရှိနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူတဦးကလည်း ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူများ အာဟာရဒါနသုံးဆောင်နေကြစဉ် (ဇွန် ၁၅၊ ၂၀၂၃)

"စစ်ရှောင်တွေကတော့ လတ်တလောအခြေအနေမှာ သူတို့လည်း ဒုန်းချည်း ဒိုင်းချည်း ပြေးလာရတာဆိုတော့ အခုဆိုရင် တော်တော်လည်း ရက်ကရှည်လာပြီ။ အဲတော့ စားရေးသောက်ရာအတွက်လည်း တချို့ဆို အခက်အခဲဖြစ်နေတာပေါ့။ စစ်ရှောင်စခန်းတွေမှာ မဟုတ်ဘဲနဲ့ လယ်ကွင်းပြင်တွေမှာ သွားနေရတဲ့ သူတွေဆိုရင် ပိုဆိုးတာပေါ့။ စားရေးသောက်ရာအတွက် အခက်အခဲတွေ ဖြစ်နေကြတယ်။ မိုးရွာရင်လည်း မိုးမလုံတဲ့အတွက်ကြောင့် လယ်ကွင်းပြင်မှာနေရတော့ အခက်အခဲကတော့ ဖြစ်နေတယ်။"

စစ်ကိုင်းတိုင်း၊ မုံရွာကနေ ညောင်ပင်ကြီးဆီကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇွန်လ ၁ ရက်နေ့ကတည်းက ရေကြောင်းကနေတဆင့် အသွားအပြန်လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီအချိန်ကတည်းက ဒေသခံတချို့က ရွာတွေထဲမနေရဲတော့ဘဲ ဘေးလွတ်ရာဆီ ထွက်ပြေးနေကြတာပါ။ ရွာထဲမှာ မီးရှို့ခံရတဲ့ အခြေအနေကလည်း ဇွန်လ ၁၆ ရက်၊ ဒီကနေ့အထိ ဆက်ပြီးရှိနေလို့ ထိတွေ့တိုက်ပွဲတွေ မရှိတော့ပေမယ့်လည်း အိမ်ပြန်ဖို့ ခက်ခဲနေကြပါတယ်။

Your browser doesn’t support HTML5

ယင်းမာပင်ခရိုင် ညောင်ပင်ကြီးကျေးရွာမီးရှို့ခံရ