စစ်ကောင်စီအပေါ် အမေရိကန်ဒဏ်ခတ်မှုတွေ လုံလောက်မှုမရှိသေး (ဒေါ်ဇင်မာအောင်)

  • ဗွီအိုအေမြန်မာပိုင်း

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်

[[Zawgyi/Unicode]]

မြန်မာ စစ်ကောင်စီအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ လုံလောက်မှု မရှိသေးတဲ့အကြောင်းနဲ့ ဒီထက်ပိုပြီး ဖိအားပေးဖို့လိုသလို မြန်မာ့ ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ ကို ပိုပြီး ငွေကြေးထောက်ပံ့ဖို့လိုတဲ့အကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က Reuters သတင်းဌာနကို ပြောဆိုပါတယ်။

“စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့ရာမှာ ဖိအားပေးတာတွေ မလုံလောက်သေးပါဘူး။ ဒါ့ကြောင့်လည်း စစ်ကောင်စီဘက် က အခုအချိန်အထိ ရပ်တည်နိုင်တာဖြစ်ပြီး တကယ်လို့ စစ်ကောင်စီ ဝင်ငွေ အရင်းအမြစ်တွေ ကို ပိတ်ဆို့ ဖြတ်တောက်နိုင်မယ်ဆိုရင် မြန်မာပြည်သူတွေအပေါ် တိုက်ခိုက်တာတွေ ဆက် လုပ်နိုင်မှာ မဟုတ်ပါဘူး” - လို့ ဒေါ်ဇင်မာအောင် ပြောဆိုသွားတာပါ။

မြန်မာစစ်တပ်ဘက် က လေကြောင်းကနေ ထိုးစစ်ဆင်တဲ့အခါ တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေ အတွက် လောင်စာဆီဖိုး ငွေကြေးအမြောက်အများ အကုန်အကျခံ တိုက်နေတာဖြစ်တဲ့အတွက် ထိထိရောက်ရောက် ပိတ်ဆို့ ဖြတ်တောက်နိုင်ဖို့ စီးပွားရေးအရ အရေးယူနိုင်ဖို့လိုမယ်လို့ သူက ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေ နဲ့ လွှတ်တော်အမတ်တချို့ ကို တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံအရေး ကို နိုင်ငံတော်တော်များများ က ယူကရိန်း-ရုရှား ကျုးကျော်စစ်လိုမမြင်ဘဲ ပြည်တွင်းရေး ပြသနာအဖြစ်ပဲ မြင်နေကြတဲ့အတွက် ကူညီထောက်ပံ့မှု အားနည်းတာကို ဒေါ်ဇင်မာအောင် နိုင်းယှဉ် ပြောဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာစစ်ကောင်စီရဲ့ ငွေကြေးစီးဆင်း မှုအပေါ် ပစ်မှတ်ထား အရေးယူ ဖိအားပေးနေပေမဲ့ သတိပေးတဲ့အဆင့်ပဲရှိနေသေးတယ်လို့ ဒေါ်ဇင်မာအောင်က ဝေဖန် ပြောဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ဒါနဲ့ပတ်သက်လို့ တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

Your browser doesn’t support HTML5

စစ်ကောင်စီအပေါ် အမေရိကန်ဒဏ်ခတ်မှုတွေ လုံလောက်မှုမရှိသေး (ဒေါ်ဇင်မာအောင်)

[[Unicode]]




