စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တပ်တွေနဲ့ အစိုးရတပ်တို့ကြား ဒီကနေ့မှာလည်း ကွတ်ခိုင်နဲ့ သိန္နီမြို့တွေမှာ တိုက်ပွဲအပြင်းအထန် ဆက်ဖြစ်နေတယ်လို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် တအာင်းတပ် TNLA က ပြောပါတယ်။ အခုလိုမျိုး နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတွေကြား လူနေအိမ်တွေထဲအထိ လက်နက်ကြီးကျည်တွေကျလို့ ဒေသခံထောင်ချီ ထွက်ပြေး တိမ်းရှောင်နေကြသလို ဒီကနေ့မှာလည်း ဒေသခံတရာကျော် ထပ်ထွက်ပြေးလာကြတယ်လို့ ကွတ်ခိုင်စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။ စစ်ရှောင်တွေ လက်ရှိခိုလှုံနေရာ ယာယီစခန်းတွေအပြင် လူနေရပ်ကွက်တွေရှိနေတဲ့ ကွတ်ခိုင်မြို့ထဲအထိ လုံခြုံရေးက စိုးရိမ်စရာ အနေအထား ဖြစ်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ မဆုမွန် အခြေအနေ အပြည့်အစုံကို ဆက်ပြောပြမှာပါ။
MNDAA ကိုးကန့်တပ်၊ TNLA တအာင်းတပ်နဲ့ AA ရခိုင်တပ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့၃ ဖွဲ့ ပူးပေါင်းထားတဲ့ တိုင်းရင်းသားညီနောင် မဟာမိတ်အဖွဲ့တပ်တွေက ပြင်ဦးလွင် စစ်သင်တန်းကျောင်းနဲ့ နောင်ချိုမြို့ မူးယစ်ဂိတ်အပါအဝင် နေရာတချို့ကို အင်အားသုံး ဝင်ရောက်စီးနင်း တိုက်ခိုက်မှု ဖြစ်ပြီးနောက်ပိုင်း နောက်သီတင်းပတ်တွေမှာ ဆက်တိုက်ဆိုသလို ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ အပါအဝင် လားရှိုး ကွတ်ခိုင် စတဲ့နေရာတချို့ကို တိုက်ခိုက်နေတာဖြစ်ပါတယ်။
ဒီကနေ့မှာလည်း ကွတ်ခိုင်နဲ့ သိန္နီမြို့တွေမှာ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတွေဖြစ်သလို လက်နက်ကြီးကျည်တွေနဲ့ လူနေရပ်ကွက်တွေထဲအထိ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ မဟာမိတ်အဖွဲ့ဝင် TNLA တအာင်းတပ် ပြောခွင့်ရ ဗိုလ်မှူးမိုင်းအိုက်ကျော်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။
“ကွတ်ခိုင်မှာတော့ ဒီမနက်က ကွတ်ခိုင်မြို့တောင်ပိုင်းမှာ တနေရာဖြစ်တယ်။ သိန္နီလမ်း ရေပူဘက် တနေရာဖြစ်တယ်။ လောလောဆယ်တော့ အဲဒီနှစ်နေရာပဲ တွေ့ရသေးတယ်။ ကွတ်ခိုင်ဘက်မှာတော့ မနေ့က ရွာဘက်မှာ ဦးတည်ပြီးတော့ လက်နက်ကြီးပစ်တာ တလုံးကတော့ ရွာထဲကျတယ်။ ရွာကတော့ လွယ်တယ်ရွာပေါ့။ အဲဒီမှာ လူသုံးဦး ထိခိုက်ဒဏ်ရာရတယ်။ အဲဒီလူတွေကို ကွတ်ခိုင်ဘက်မှာ ဆေးရုံပို့ထားတယ်လို့ သိရတယ်။”
အခုလို စစ်မီးမငြိမ်းနိုင်သေးတဲ့ အနေအထားမှာတော့ ရှမ်းမြောက်ပိုင်းတလျှောက် နယ်စပ်ကုန်စည်ကူးသန်းသွားလာရေးတွေ အခက်အခဲဖြစ်ကြရသလို ဒေသခံပြည်သူတွေမှာလည်း တိုက်ပွဲတွေကြောင့် အသက်လုပြေးနေကြရပြီး ဒုက္ခရောက်နေကြရတာပါ။
ကွတ်ခိုင်ဘက်မှာ ထောင်ချီတိမ်းရှောင်နေကြရတဲ့ ဒေသခံ ရှမ်းလူထုအတွက် ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်း အဆောက်အအုံတွေမှာ ယာယီနေရာချထားပေးနေရတယ်လို့ ကွတ်ခိုင်မြို့နယ်တွင်း စစ်ဘေးသင့်သူများအား အရေးပေါ်ကူညီကယ်ဆယ်ရေး ကွန်ရက်က ပြောပါတယ်။ စစ်ရှောင်တွေ လက်ရှိကြုံနေရတဲ့ အခက်ခဲနဲ့ ယာယီစခန်းတွေထဲမှာတောင် လုံခြုံရေးက စိတ်မချရတဲ့ အနေအထားဖြစ်နေတယ်လို့ ကွတ်ခိုင်ကူညီကယ်ဆယ်ရေးကွန်ရက်က သတင်းပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်မွန်းက ဗွီအိုအေကို အခုလိုပြောပြပါတယ်။
“အခုလောလောဆယ်တော့ မြို့ပေါ်မှာပဲ စစ်ဘေးရှောင်က တထောင်နဲ့ ခြောက်ရာကျော် ခုနှစ်ရာနီးပါးလောက် ရှိလာပြီပေါ့။ အခုကတော့ မဟာစည်ဘုန်းကြီးကျောင်းမှာ တဖွဲ့၊ ပြီးတော့ တောင်တန်းသာသနာပြုကျောင်းမှာ တဖွဲ့၊ ပြီးလို့ရှိရင် ခိုလုံဘက်ကကျောင်းမှာ တဖွဲ့၊ တအာင်းစာပေနှင့် ယဉ်ကျေးမှုခန်းမမှာ တဖွဲ့၊ လောလောဆယ် အဲဒီနေရာတွေမှာ နေရာချထားပေးတယ်။ သက်ကြီးရွယ်အိုတွေ၊ ဆေးရုံတင်ထားရတာတွေလည်း ရှိတယ်။ အခုလောလောဆယ် ဖျားနာနေတဲ့ဟာတွေလည်း ရှိတယ်။ အခုတော့ ကျနော်တို့က တတ်နိုင်သလောက် အန်ဂျီအိုတွေနဲ့ ချိတ်ပြီးတော့ ကျန်းမာရေးအဖွဲ့အစည်းတွေကလည်း ဆေးပေးတာတော့ ကျနော်တို့ လုပ်နေတယ်။ ဒီနေ့လည်း နောက်ထပ် တရာ့ခြောက်ဆယ်လောက် ပြန်ရောက်လာတယ်။”
ဟုတ်ကဲ့၊ အခုသူတို့ကို လက်ခံပေးထားတယ်ဆိုတော့၊ ဒီစစ်ပွဲအနေအထားက ဘယ်လောက်ကြာမယ်ဆိုတာ မပြောနိုင်ဘူးပေါ့နော်၊ ရေရှည်ဖြစ်လာလို့ရှိရင် သူတို့အတွက် ဘယ်လိုအခက်အခဲတွေ ကြုံလာရနိုင်လဲရှင့်။
“အဓိကတော့ ကျနော်တို့ အခက်အခဲက အစားအသောက်နဲ့ ကျန်းမာရေးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အစားအသောက်က လမ်းတွေ အကုန်ပိတ်ထားတဲ့အခါကျတော့ ကူညီကယ်ဆယ်တဲ့ ဒိုနာတွေကလည်း သူတို့ကလည်း ဒီငွေလောက်ပဲ လဲမပေးနိုင်တာ။ ဆိုတော့ မြို့ပေါ်မှာပဲ ပြန်ဝယ်ပြီးတော့ မြို့ပေါ်မှာရှိတဲ့ပစ္စည်း လုံလောက်မှုမရှိတာပေါ့။ ဥပမာ ဆန်တို့ ဘာတို့ဆိုရင် အိတ်ရာနဲ့ချီ ဝယ်ဖို့ကျတော့ မလွယ်ဘူးပေါ့နော်။”
ရှမ်းပြည်နယ် အစိုးရပိုင်းကရော ဘာများအကူအညီပေးတာရှိလဲ၊ သက်ဆိုင်တဲ့ ဒေသခံ တာဝန်ရှိတဲ့သူတွေဘက်က။
“လောလောဆယ်အချိန်အထိတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက တစုံတရာ ကြီးကြီးမားမား ကူညီတာတော့ မရှိဘူး။ ဒါပေမယ့် ဒေသခံ ရပ်မိရပ်ဖအပေါ်ကနေ ရရှိတဲ့ဟာရယ်၊ ပရဟိတ လူမှုကူညီရေးအသင်းတွေကနေ ရတယ်။ နောက်တခုကတော့ အန်ဂျီအိုတွေကနေ ရတဲ့ဟာပဲရှိသေးတယ်။”
လောလောဆယ် စစ်ရှောင်လာတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအနေအထားကရော စိတ်ချရတဲ့ အနေအထားရှိလား။ ဘယ်လိုများ အခက်အခဲရှိပါလဲ ဆရာ။
“လုံခြုံရေးကတော့ မြို့ပေါ်မှာရောက်ပေမယ့် သူတို့ရဲ့လုံခြုံရေးကတော့ ကျနော်တို့လည်း အာမ မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကြီးတွေက ဘယ်နေရာကျမလဲ၊ ဘယ်လိုဖြစ်မလဲ ဆိုတဲ့ဟာက ဘယ်သူမှမသိနိုင်တဲ့ အနေအထားမျိုးဖြစ်တော့ သူတို့အတွက်ကတော့ လုံခြုံမှုဆိုတာ မရှိသလောက်ပေါ့။ အဓိကတော့ သူတို့ပဲမဟုတ်ဘူး။ ဒီမြို့ပေါ်မှာရှိနေတဲ့သူတွေကအစ အကုန်လုံးက ကြောက်ရွံ့နေတယ်။ ဘယ်မှ မသွားရဲတာတို့။ မိုးချုပ်တာနဲ့ လူတွေက အကုန်လုံးတိတ်ဆိတ်။ မြို့ထဲတောင် ထွက်လို့ အဆင်မပြေတဲ့ အနေအထားမှာရှိတယ်။ ကူညီကယ်ဆယ်ရေး အဖွဲ့တွေတောင်မှ တော်တော်လေး အခက်အခဲရှိတယ်။ အခုအချိန်ထိ ကျနော်တို့ ကယ်ထုတ်လို့မရဘူး။ မရဘူးဆိုတာက မူဆယ်လမ်းကို ပိတ်ထားတဲ့အချိန်မှာ ဘယ်ပရဟိတကားပဲဖြစ်ဖြစ်၊ လူမှုကူညီရေးကားပဲဖြစ်ဖြစ်၊ သွားခွင့်မပြုထားတဲ့ဟာမျိုးတွေရှိတယ်။ နီးစပ်ရာ တချို့အပိုင်းတွေ ကျနော်တို့တွေက အာဏပိုင်တွေနဲ့ ညှိပြီးတော့ အချိန်ပိုင်းသွားကူလို့ရတဲ့ နေရာတွေလည်း ရှိတယ်။”
ဒီတိုက်ခိုက်မှုတွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ကြီးကြီမားမား ထိခိုက်စေပေမယ့်လို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးကြဖို့ NLD အရပ်သားအစိုးရဘက်ကတော့ တိုက်တွန်းထားပါတယ်။ ဒါပေမဲ့လို့ မနေ့ သောကြာနေ့က တပ်မတော်သတင်းစာရှင်းလင်းပွဲမှာတော့ တပ်ဘက်က ဆွေးနွေးပွဲအတွက် လမ်းဖွင့်ထားသလို တိုက်ကြမယ်ဆိုရင်လည်း အသင့်ပဲလို့ ပြောဆိုထားတာပါ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကလည်း ဆွေးနွေးဖို့ သူတို့ဘက်က လမ်းကြောင်းဖွင့်ထားပေမယ့် နယ်မြေထဲ စစ်တပ်ဘက်က စစ်အင်အားတွေ ထပ်တိုးဖြည့်ပြီး ထိုးစစ်တွေ ဆင်လာတဲ့အတွက် တိုက်ပွဲတွေက ပိုပြင်းထန်လာမယ့် အနေအထား ဖြစ်တယ်လို့လည်း မဟာမိတ်အဖွဲ့ကပြောပါတယ်။
Your browser doesn’t support HTML5