မြောက်ကိုးရီးယား ကနေ တောင်ကိုးရီးယားကို အထူး အရေးယူမှု တွေ လုပ်မယ် လို့ တနင်္လာနေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။ တောင်ကိုးရီးယားက လီမြောင်ဘတ် အစိုးရ အဖွဲ့ကို သုံး လေး မိနစ် အတွင်း မှာဘဲ အပြတ်ရှင်းနိုင်တယ် လို့ မြောက်ကိုးရီးယား ရဲ့ နောက်ဆုံး ခြိမ်းခြောက်မှုဟာ ခေါင်းဆောင်သစ် ကင်ချုံအွန်း တက်လာ ခဲ့ချိန်က စပြီး အပြင်းထန်ဆုံး ခြိမ်းခြောက်မှု ဖြစ်သလို အရင် ခြိမ်းခြောက်မှု တွေ ထက် ပိုပြီး တိတိကျကျ သတိပေးလိုက် တာမျိုး လည်း ဖြစ်နေပါတယ်။
မြောက်ကိုးရီးယား အစိုးရ ရဲ့ ကေအာတီ (KRT) သတင်းမှာတော့ သစ္စာဖောက် အုပ်စုရဲ့ ပရမ်းပတာ စိန်ခေါ်မှု တွေ အတွက် မြောက်ကိုးရီးယား ရဲ့ တော်လှန်ရေး တပ်ဖွဲ့တွေက အထူးအရေးယူမှု တွေကို မကြာခင်မှာဘဲ စတင်တော့ မှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ဒါ့အပြင် ဒီအရေးယူမှု တွေကို မြောက်ကိုးရီးယား လူထုရဲ့ ဒေါသ ပေါက်ကွဲမှု ကြောင့် လုပ်ဆောင်ရတာ ဖြစ်ပြီး အစိုးရ ဝန်ထမ်း အားလုံး နဲ့ တကွ ပြည်သူတွေက သူတို့ ခေါင်းဆောင်ရဲ့ ဦးဆောင်မှု ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက် ဖို့ အတွက် တိုက်ရတဲ့ တိုက်ပွဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ကွယ်လွန်သူ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်အီဆွန်းရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲ ကျင်းပနေချိန် မှာ တောင်ကိုးရီးယား ဘက်က မလေးမခန့် ပြောကြားမှု တွေနဲ့ အတူ ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာဘဲ တောင်ကိုးရီးယား ဘက်က မြောက်ကိုးရီးယား ရဲ့ ဘယ်နေရာကို မဆို ပစ်မှတ် ကို မလွဲ ပစ်ခတ်နိုင်တဲ့ ဒုံးကျည် ရှိနေပြီ လို့ ကြေငြာလိုက် တာတွေ အတွက် မြောက်ကိုးရီးယား ခေါင်းဆောင် တွေက အမျက်ထွက် ခဲ့ကြတာပါ။
တကယ်လို့ အရေးယူမှု လုပ်လိုက်ရင် တောင်ကိုးရီးယား နိုင်ငံက လက်ရှိ အာဏာရ ပါတီကော ပါတီဝင် တွေကော သုံး လေး မိနစ် အတွင်းမှာဘဲ ပြားပြားဝပ် သွားအောင် သူတို့ နည်းပညာတွေ က စွမ်းဆောင် နိုင်သလို ဘာမှ အစ ရှာမရဘဲ ဖြစ်သွားမယ် လို့ ကေအာတီ (KRT) သတင်း ကကြေငြာခဲ့ပါတယ်။
တောင်ကိုးရီးယား နိုင်ငံက သုံးသပ်သူတွေ ကတော့ မြောက်ကိုးရီးယား နိုင်ငံဟာ ကွန်ပျုတာ က နေ တိုက်ခိုက်မှု မျိုး လုပ်မယ်ဖို့အတွက် ကြံစည်နေပုံ ရတယ် လို့ ခန့်မှန်း ကြပါတယ်။