ကတိအတိုင်း မြောက်ကိုရီးယား နျူကလီယားစခန်း ဖျက်သိမ်း

အမေရိကန်နဲ့ မြောက်ကိုရီးယား ထိပ်သီးတွေ့ဆုံဖို့ စီစဉ်ထားနေချိန်မှာပဲ၊ နျူကလီးယား ကင်းစင်ရေး ကတိပြုထားတဲ့အတိုင်း ဆောင်ရွက်တဲ့ အနေနဲ့ မြောက်ကိုရီးယားက Punggye-ri နျူကလီးယားစမ်းသပ်စခန်းကို ဒီနေ့ပဲ ပိတ်လိုက်ပါတယ်။

မြောက်ကိုရီးယားက နျူကလီးယား လက်နက်အစီအစဉ်ကို လုံးဝဖျက်သိမ်းပြီး၊ အပြန်အလှန်အနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖယ်ရှားပြီး၊ လုံခြုံရေးအတွက် အာမခံချက်ပေးနိုင်မယ့် သဘောတူညီချက် ရရှိနိုင်ရေး အမေရိကန်နဲ့ ဆွေးနွေးရာမှာ အထောက်အကူဖြစ်စေဖို့ မြောက်ကိုရီးယားဘက်က ဆောင်ရွက်ခဲ့တဲ့အပေါ် တောင်ကိုရီးယားက အစိုးရကလည်း ကြိုဆိုလိုက်ပါတယ်။

ရှေ့အနာဂတ်မှာ နျူကလီးယား လုံးဝကင်းစင်ရေးအတွက် အခုလုပ်ရပ်က အခွင့်အလန်းတခု ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Noh Kyu-duk က ပြောဆိုခဲ့တာပါ။

နျူကလီးယား စမ်းသပ်စခန်းတခု ပိတ်လိုက်တဲ့အတွက် ထူးခြားတဲ့ လက္ခဏာတခုအဖြစ် တွေ့ရပေမဲ့လည်း၊ Kim Jong Un အစိုးရ အနေနဲ့ အနာဂတ်မှာ နျူကလီးယား စမ်းသပ်မှုတွေ လုပ်နိုင်စွမ်း ရှိနေသေးတဲ့အတွက် အကဲခတ်တွေက သံသယတွေလည်း ရှိနေကြပါတယ်။ မြောက်ကိုရီးယားက အခုပိတ်လိုက်တဲ့ မြေအောက်စခန်းမှာ ဥမင်လှိုင်ခေါင်း စနစ် ၂ ခု ရှိပြီး၊ နျူကလီးယား စမ်းသပ်မှု ၆ ခုစလုံး လုပ်ခဲ့ကြောင်းလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယား လုပ်ငန်းတွေကို စောင့်ကြည့်ဖော်ပြနေတဲ့ 38 North ဝဘ်ဆိုဒ် ကပြောပါတယ်။ စမ်းသပ်မှုတွေမှာ တိုးတက်မှုတွေလည်း တွေ့ခဲ့ရတာပါ။

ပထမဆုံးအကြိမ် ၂၀၀၆ ခုနှစ်က စမ်းသပ်ချိန်မှာ ခန့်မှန်းချေ ၁.၂ ကီလိုတန် ပြင်းအားရှိခဲ့ပြီး၊ ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန်က ဂျပန်နိုင်ငံ ဟီရိုရှီမားမြို့မှာ ကြဲချခဲ့တဲ့ ၁၆ ကီလိုတန် ပြင်းအားရှိတဲ့ အနုမြူဗုံးထက် အားပျော့ခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးအကြိမ် ၂၀၁၇ ခုနှစ်က စမ်းသပ်မှုမှာတော့ ပြင်းအား ကီလိုတန် ၂၅၀ နီးပါးအထိ ရှိခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက စမ်းသပ်ချိန်မှာ မြေအောက်ဥမင်ပြိုကျရာက စခန်းဟာ သုံးမရတော့တဲ့အထိ ဖြစ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့၊ နောက်ထပ် အသုံးပြုလို့ရတဲ့ ဥမင်လှိုင်ခေါင်း ၂ ခု ကျန်နေသေးတယ်လို့လည်း ကျွမ်းကျင်သူတွေက ယူဆထားကြပါတယ်။

Your browser doesn’t support HTML5

ကတိအတိုင်း မြောက်ကိုရီးယား နျူကလီယားစခန်း ဖျက်သိမ်း