ကြာသပတေးနေ့က ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စမ်းသပ်တယ်ဆိုတာကို မြောက်ကိုရီးယားက ဒီကနေ့ တရားဝင် ကြေညာပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ မကြာခင်မှာလုပ်ဖို့ရှိတဲ့ တောင်ကိုရီးယားက စစ်လိုလားသူတွေကို သတိပေးတဲ့အနေနဲ့ အခုလို ဒုံးကျည် ပစ်လွှတ်စမ်းသပ်တာလို့ ဆိုပါတယ်။
သူတို့အဆိုအားဖြင့် အမျိုးအစားသစ် နည်းဗျူဟာ ပဲ့ထိန်းဒုံးကျည်ဆိုတာကို ကြာသပတေးနေ့က ပစ်လွှတ်စမ်းသပ်တာမှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကိုယ်တိုင် ကြီးကြပ်နေတဲ့ ဓာတ်ပုံတွေကို နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ပါတယ်။
အခု ပစ်လွှတ်စမ်းသပ်တဲ့ ဒုံးကျည်ဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည်ဖြစ်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေကပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ပြီးခဲ့တဲ့ လကတွေ့ဆုံပြီး နျူကလီးယား ကင်းရှင်းရေး ဆွေးနွေးပွဲတွေပြန်စဖို့ သဘောတူခဲ့ပြီးကတည်းကဆိုရင် ဒါဟာ ပထမဆုံးပြန်လုပ်တဲ့ ဒုံးကျည် စမ်းသပ်မှု ဖြစ်ပါတယ်။
အခုလို ဒုံးကျည်စမ်းသပ်မှုကြောင့် ဆွေးနွေးပွဲတွေ ပြန်စနိုင်ရေးအပေါ် သံသယရှိလာကြပါတယ်။ Kim နဲ့ ထရမ့်ပ်တို့ကြား ဖေဖော်ဝါရီလက ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာလုပ်တဲ့ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး မအောင်မမြင်ဖြစ်ခဲ့ပြီးတဲ့နောက် ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယားကင်းရှင်းရေး ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5