ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်ခဲ့တာနဲ့ပတ်သက်လို့ အမေရိကန်သမ္မတ Donald Trump ကတော့ အမေရိကန်ပြည်ထောင်စု အတွက် ဘယ်လိုခြိမ်းခြောက်မှုမှ မဖြစ်စေသလို၊ ဘာမှ ပြဿနာမရှိဘူးလို့ ပြောဆိုလိုက် ပါတယ်။
ဒေသတွင်း အမေရိကန်ရဲ့ မဟာမိတ်တွေကို ခြိမ်းခြောက်တဲ့ တာတိုပစ်ဒုံကျည်စမ်သပ်မှုတခု မနေ့က စနေနေ့မှာ မြောက်ကိုရီးယားက ထပ်မံ စမ်းသပ်ပစ်လွှတ်ခဲ့ပြီးတဲ့နောက် နာရီပိုင်းအကြာမှာပဲ အမေရိကန်သမ္မတက ခုလို မှတ်ချက်ပေးပြောခဲ့တာကို မြောက်ကိုရီးယား အစိုးရ KCNA သတင်းမှာ ကိုးကားဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ သိပ်မကြာခင်က ဒုံးကျည် ပစ်လွှတ် စမ်းသပ်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်နေတဲ့ တောင်ကိုရီးယားအစိုးရကို မြောက်ကိုရီးယား နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြစ်တင်ရှုတ်ချ ကြောင်းကိုလည်း KCNA သတင်းမှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေဟာ နိုင်ငံအတော်များများ လုပ်နေတဲ့ အသေးအမွှား ဒုံးကျည်စမ်သပ်မှုတခုသာ ဖြစ်ပြီး အချုပ်အချာ အာဏာပိုင် နိုင်ငံတခု အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ခွင့် ရှိတဲ့အတိုင်း ဆောင်ရွက်တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာကို အမေရိကန်သမ္မတကတော့ အသိအမှတ်ပြုနိုင်သေးတယ်လို့လည်း မြောက်ကိုရီးယား နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ စနေနေ့က ဒုံးကျည်စမ်းသပ်မှုကတော့ သီတင်းနှစ်ပတ်ကျော် ကာလအတွင်း ၅ ကြိမ်မြောက် ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်တာဖြစ်ပြီး နှစ်လအတွင်း ၇ ကြိမ်မြောက် စမ်းသပ်မှုလည်းဖြစ်ပါတယ်။
Your browser doesn’t support HTML5