တာတိုပစ်ဒုံးနှစ်စင်း မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်

ဒီနေ့အစောပိုင်းမှာပဲ မြောက်ကိုရီးယားက တာတိုပစ် မစ်ဇိုင်းဒုံး ၂ စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောဆိုလိုက်ပါတယ်။ နျူကလီးယားအရေး ဆွေးနွေးမှုတွေ ရှေ့မတိုးနိုင်ပဲနေချိန်မှာ မြောက်ကိုရီးယားက သီတင်းတပတ်အတွင်း ဒုတိယအကြိမ် စမ်းသပ်လိုက်တာပါ။

နိုင်ငံအရှေ့ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ Wonsan ကနေ ပစ်လွှတ်လိုက်တဲ့ မစ်ဇိုင်းဒုံး တွေဟာ အကွာအဝေး ကီလိုမီတာ ၂၅၀၊ အမြင့်ကီလိုမီတာ ၃၀ လောက်အထိ ရောက်ခဲ့ကြောင်းလည်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၆ ရက်က ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး ၂ စင်း ပစ်လွှတ်ခဲ့ရာမှာတော့ အမေရိကန်ကနေ စစ်လက်နက် ဝယ်ယူဖို့ တောင်ကိုရီးယားက ဆုံးဖြတ်ခဲ့တာနဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မယ့် အစီအစဉ်တွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ စမ်းသပ်ခဲ့တာ ဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောဆိုထားပါတယ်။ ဒီကနေ့ ပစ်လွှတ်ခဲ့တဲ့ မစ်ဇိုင်းတွေဟာ ခပ်နိမ့်နိမ့် ပျံသန်းခဲ့တာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ထဲ စမ်းသပ်ခဲ့တဲ့ မစ်ဇိုင်းဒုံးတွေနဲ့ အမျိုးအစား တူညီနိုင်တယ်လို့လည်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တောင်ကိုရီးယား အမျိုးသား လုံခြုံရေး ကောင်စီက အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီး စမ်းသပ်မှုအပေါ် အလွန်အမင်း စိုးရိမ်ကြောင်း ပြောဆိုခဲ့သလို၊ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေအပေါ် အနုတ်လက္ခဏာတွေ သက်ရောက် လာနိုင်ကြောင်းလည်း သတိပေးခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ရုရှားလုပ် Iskander တာတိုပစ် မစ်ဇိုင်းကို ပုံတူကူး တည်ဆောက်ထားတဲ့ မစ်ဇိုင်းဒုံးတစင်းကို မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့သလို မေလထဲမှာလည်း စမ်းသပ်ခဲ့ပါတယ်။ နျူကလီးယားအရေး ဆွေးနွေးမှုတွေကို လုံးဝထိခိုက်မသွားအောင် သတိထားနေပေမဲ့ မြောက်ကိုရီးယားက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို ဖိအားပေးတဲ့အနေနဲ့ စမ်းသပ်နေပုံရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ စမ်းသပ်မှု အပေါ်မှာတော့ အမေရိကန်သမ္မတက တခြားနိုင်ငံ တော်တော်များများလည်း စမ်းသပ်လေ့ ရှိတဲ့လုပ်ရပ်အဖြစ် တုံ့ပြန်ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

တာတိုပစ်ဒုံးနှစ်စင်း မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်