မြောက်ကိုရီးယား မသန်စွမ်းကျောင်းသားအဖွဲ့ ဥရောပရောက်

မြောက်ကိုရီးယားမသန်စွမ်း ကလေးငယ်တဦး ကျောင်းတွင်းလှုပ်ရှားမှုမှာ ဖျော်ဖြေသီဆိုနေစဉ်။

ယူကေနိုင်ငံ၊ လန်ဒန်မြို့မှာ အခြေစိုက်တဲ့ ပရဟိတအဖွဲ့တခုရဲ့အစီအစဉ်နဲ့ မြောက်ကိုရီးယားနိုင်ငံက မသန်စွမ်းကျောင်းသူ ကျောင်းသားတဖွဲ့တဖွဲ့ဟာ
ယူကေနဲ့ ပြင်သစ်နိုင်ငံတွေမှာ ရှားရှားပါးပါး ဂီတဖျော်ဖြေပွဲတွေတင်ဆက်ဖို့ ရောက်နေကြပါပြီ။

မသန်စွမ်းကျောင်းသား (၁၁) ယောက်ပါတဲ့ ဂီတအဖွဲ့ဟာ Cambridge တက္ကသိုလ်၊ လန်ဒန် တော်ဝင်ဂီတကောလိပ်နဲ့ Paris မြို့က ပြင်သစ်အမျိုးသား ဆွံ့ အ နား မကြားကျောင်းတွေမှာ February လ ၂၀ ရက်နေ့ ကနေ မတ်လ ၂ ရက်နေ့အထိ လှည့်လည်ဖျော်ဖြေကြမှာဖြစ်ပါတယ်။ ခုလို ဥရောပကို သူတို့ ရှားရှားပါးပါးလာနိုင်ဖို့ DULA ဆိုတဲ့ အဖွဲ့က စီစဉ်ပေးတာပါ။

၂၀၁၂ လန်ဒန် မသန်စွမ်းသူများ Olympic ပွဲတော်မှာ မြောက်ကိုရီးယား မသန်စွမ်း ကျောင်းသား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် DULA နိုင်ငံတကာ ပရဟိတအဖွဲ့က မြောက်ကိုရီယားက မသန်စွမ်းသူတွေအတွက် အထောက်အပံ့ အကူအညီတွေ ပေးနေတာဖြစ်ပါတယ်။ အပြင်ကမ္ဘာမှာ ဘာတွေဖြစ်နေသလဲဆိုတာကို ကျောင်းသားတွေကို သိနိုင်အောင်နဲ့ အတေ့ွအကြုံတွေရစေဖို့ စီစဉ်ရတာဖြစ်တယ်လို့ DULA အဖွဲ့ညွှန်ကြားရေးမှုး Seok
Hee Lee က VOA ကိုရီးယားဋ္ဌာနာကို ပြောပါတယ်။

အသက် ၁၁ နှစ်ကနေ ၂၀ ကြားရှိတဲ့ မြောက်ကိုရီးယား မသန်စွမ်း ဂီတကျောင်းသားတွေဟာ ကိုရီးယား ရိုးရာတေးသီချင်းတွေအပြင် The Phantom of the Opera ပြဇာတ်ထဲက တေးသီချင်းတွေနဲ့ ဖျော်ဖြေကြမှာဖြစ်ပါတယ်။ ခုလိုကျောင်းသားတွေကို ဥရောပမှာ ဖျော်ဖြေခွင့်ပေးဖို့အတွက် မြောက်ကိုရီးယား အာဏာပိုင်တွေဆီမှာ တော်တော်ကြိုးစားခွင့်တောင်းခဲ့ရတယ်လို့ DULA ညွှန်ကြားရေးမှူးက
ပြောပါတယ်ရှင်။