ယူကရိန်းစစ်ပွဲမှာ ပါဝင် တိုက်ခိုက်ဖို့လို ယူဆရတဲ့ တပ်ဖွဲ့ဝင် ၁ သောင်းလောက်ကို မြောက်ကိုရီးယားက ရုရှားကို စေလွှတ်ထားပြီး ဒါဟာ အစောပိုင်း ခန့်မှန်းခဲ့တဲ့ အရေအတွက်ထက် ၃ ဆလောက် ပိုများတယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရက တနင်္လာနေ့က ပြောဆိုလိုက်ပါတယ်။
လာမယ့် သီတင်းပတ်တွေအတွင်း ယူကရိန်းနိုင်ငံ အနီးက ရုရှားတပ်ဖွဲ့ဝင်တွေကို အင်အားဖြည့်ဖို့ လုပ်နေပုံရပြီး၊ ရုရှား အရှေ့ပိုင်းကို မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁ သောင်း စေလွှတ်ထားတယ်လို့ ယုံကြည်ရတဲ့ အကြောင်း ပင်တဂွန် ပြောခွင့်ရ Sabrina Singh က တနင်္လာနေက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ ယူကရိန်းနဲ့ နီးတဲ့နေရာတွေမှာ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တချို့ ရောက်နှင့်နေပြီဖြစ်တာကြောင့် ရုရှားဟာ ဒီတပ်ဖွဲ့တွေကို ယူကရိန်းစစ်ပွဲ တိုက်ခိုက်ရေး ဒါမှမဟုတ် ထောက်ပို့လုပ်ငန်းတွေမှာ သုံးနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပိုများလာတဲ့ အကြောင်းလည်း ပင်တဂွန် ပြောခွင့်ရ က ပြောပါတယ်။
မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ် NATO အဖွဲ့ကြီးကလည်း မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၃,၀၀၀ ရုရှားကို စေလွှတ်ထားတဲ့ အကြောင်းနဲ့ ရုရှား Kursk ဒေသထဲကို ဒီတပ်ဖွဲ့ဝင်တွေ ရောက်နေပြီ ဖြစ်ကြောင်းကို မနေ့ တနင်္လာနေ့က အတည်ပြု ပြောပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားကြား ခုလို စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လာတာဟာ အင်ဒို−ပစိဖိတ် ဒေသအတွက်ရော၊ ဥရောပ အတ္တလန်တိတ် နိုင်ငံတွေရဲ့ လုံခြုံရေးအတွက်ပါ ခြိမ်းခြောက်မှုဖြစ်တယ်လို့ နေတိုးမဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် Mark Rutte က သတင်းထောက်တွေကို ပြောပါတယ်။ မြောက်ကိုရီးယား−ရုရှား စစ်ရေးဆက်ဆံမှုတွေနဲ့ ပတ်သက်လို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့မှာ တောင်ကိုရီးယား ထောက်လှမ်းရေးနဲ့ စစ်ဘက်အရာရှိတွေက နေတိုး တာဝန်ရှိသူတွေနဲ့ သံတမန်တွေကို ရှင်းလင်းတင်ပြတာတွေ လုပ်ခဲ့အပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
SEE ALSO:
"မြောက်ကိုရီးယားစစ်သည်တသောင်း ရုရှားကိုစေလွှတ်ထား"ကန်ကာကွယ်ရေးဌာန