မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးနဲ့ လက်နက်လဲလှယ်သတင်း မမှန်ဟု ငြင်းဆို

မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးနဲ့ လက်နက်လဲလှယ်သတင်း မမှန်ဟု ငြင်းဆို

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီက စစ်အစိုးရပိုင် သတင်းစာက ရေးသားဖော်ပြထားတာဟာ မမှန်ကန်ဘူးလို့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ငြင်းဆိုလိုက်ပါတယ်။ မွန်ပြည်သစ်ပါတီ အနေနဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်လိုက်ရုံနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုမှုတွေ ရှိသလို ဘဝတူ တိုင်းရင်းသား အဖွဲ့တွေ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့ နိုင်ငံရေးကို တိုးမြှင့် လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားအရ ရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်း စစ်ရေးတင်းမာမှုတွေ ရှိလာခဲ့သလို နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့သာ ဖြေရှင်းတာ အကောင်းဆုံးလို့ ဝေဖန်တာတွေ ရှိနေပါတယ်။ အပြည့်အစုံကို သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာတွေမှာ မွန်ပြည်သစ်ပါတီက တပ်ဖွဲ့ဝင်တွေဟာ ဗိုလ်မှူးကြီး နိုင်ရှောင် ဦးစီးတဲ့ မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ထဲ ဝင်ရောက်ပူးပေါင်းပြီး လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်လာတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီလို ဖော်ပြထားတာ မဟုတ်မှန်ဘူးလို့ မွန်ပြည်သစ်ပါတီရဲ့ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံလည်းဖြစ်၊ ပြောရေးဆိုခွင့် ရှိသူတဦး ဖြစ်တဲ့ နိုင်ဟံသာဗွန်ခိုင်က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“ဒီနေ့ ရှင်းလင်းပွဲ လုပ်ရတဲ့ အကြောင်းအရင်းကတော့ ဒီဇင်ဘာလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာတွေမှာ နိုင်ရှောင်အဖွဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ဆိုတဲ့ သတင်းမှာ ဖော်ပြထားတဲ့ ဒီလက်နက်ကိုင် လမ်းစဉ်အပေါ် အယုံအကြည် မရှိသော မွန်ပြည်သစ်ပါတီမှ တပ်ဖွဲ့ဝင် အချို့သည် နိုင်ရှောင် ခေါင်းဆောင်သော မွန်ငြိမ်းချမ်းရေး ကာကွယ်ရေး အဖွဲ့နှင့်အတူ တပ်ဖွဲ့ဝင် ၁၀၁ ဦးနှင့် လက်နက် ၂၂ လက်၊ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ဆိုတာ ပါတယ်။

“အဲဒီသတင်းအပေါ်မှာ အမှန်တော့ ကျနော်တို့ မွန်ပြည်သစ်ပါတီက တပ်ဖွဲ့ဝင်တွေလည်း မပါကြောင်း၊ မွန်ပြည်သစ်ပါတီနဲ့လည်း မပတ်သက်ကြောင်း၊ အဲဒီသတင်းဟာ သတင်းမှန် မဟုတ်ကြောင်း၊ ဒါ ပြည်သူလူထုတွေရော အဖွဲ့အစည်းတွေရောပေါ့၊ သတင်းမှန်ကို သိနားလည်အောင် အခုလို ရှင်းလင်းပွဲလုပ်တာ ဖြစ်ပါတယ်။ ဒါ ကျနော်တို့နဲ့ လုံးဝ မပတ်သက်ဘူး။ တချို့ပြောနေတဲ့ ခွဲထွက် ခွဲထွက် ဆိုတာလည်း မဟုတ်ပါဘူး။ ဒါ အဓိက ဒီအဖွဲ့ကို ဦးဆောင်နေတဲ့ နိုင်ရှောင်ကလည်း မွန်ပြည်သစ်ပါတီကနေ ၂၀ဝ၇ ခုနှစ်ကတည်းက အနားယူသွားပြီး ဖြစ်ပါတယ်။”

လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်လိုက်ရုံနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိမှာကို မွန်ပြည်သစ်ပါတီ အနေနဲ့ ယုံကြည်မှု မရှိဘူးလို့ မွန်ပြည်သစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာဗွန်ခိုင်က အခုလို ပြောပါတယ်။

“အခုလို လက်နက်ချရုံနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရသွားနိုင်မယ်လို့ မွန်ပြည်သစ်ပါတီ အနေနဲ့ ဘယ်လိုမှ မယုံကြည်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ နိုင်ငံရဲ့ အဓိက ပြဿနာက ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားတို့ရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြဿနာပါပဲ။ ဒီပြဿနာတွေကို သုံးပွင့်ဆိုင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ဘဲ စစ်ရေးအရ တိုက်ခိုက်မယ်၊ လက်နက်ချဖို့ အကျပ်ကိုင်ရုံနဲ့တော့ ဘယ်လိုမှလည်း မပြေလည်နိုင်ပါဘူး။”

ဟုတ်ကဲ့၊ မွန်ပြည်သစ်ပါတီ အနေနဲ့ရော ဒီ သောင်မတင် ရေမကျတဲ့ နိုင်ငံရေး အနေအထားမှာပဲ ဆက်လက် ရပ်တည်သွားမလား၊ လက်ရှိ မွန်ပြည်သစ်ပါတီရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို ရှင်းပြပေးပါဦး။

“ကျနော်တို့ မွန်ပြည်သစ်ပါတီ အနေနဲ့ တပ်အသွင် ပြောင်းလဲရေးကို ပြတ်ပြတ်သားသား ငြင်းဆန်ထားပြီးပါပြီ။ ဘဝတူ တိုင်းရင်းသားတွေ၊ ပြည်သူတွေနဲ့ လက်တွဲပြီးတော့ ရှေ့ဆက်ပြီး လုပ်ဆောင်သွားပါမယ်။ အခုဆို ကျနော်တို့ ဘဝတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စုစည်းပြီးတော့ ဘုံလုပ်ငန်းစဉ် ပူးတွဲ အစီအစဉ်အရ ရှေ့ဆက် လုပ်ကိုင်သွားကြပါမယ်။ တဘက်ကလည်း ဒီမိုကရေစီ အင်အားစုတွေနဲ့ နားလည်မှု ယူပြီးတော့ နိုင်ငံရေး နည်းလမ်းအရ တိုးမြှင့်ပြီး လုပ်ဆောင်သွားမယ်၊ ဒါ ကျနော်တို့ပါတီရဲ့ ရပ်တည်ချက်ပဲ။”

အခုဆိုရင် လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အနေအထားအရ ရွေးကောက်ပွဲ ပြီးစီးသွားပေမဲ့လည်း ငြိမ်းချမ်းရေး မတည်ဆောက်နိုင်တဲ့အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပေါ် နိုင်ဟံသာဗွန်ခိုင်က အခုလို ပြောပါတယ်။

“အဓိကကတော့ ဒါ စစ်အစိုးရအပေါ်မှာ အများကြီး မူတည်တယ်လို့ ကျနော်တို့ ပြောလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲမှာလည်း သံသယဖြစ်စရာ အနေအထားနဲ့ စစ်တပ်က ကျောထောက်နောက်ခံ ပြုထားတဲ့ ပြည်ခိုင်ဖြိုး ပါတီကပဲ အနိုင်ရတယ်။ ကျန်တဲ့ပါတီတွေ အနေနဲ့ ကြိုတင်မဲတွေကြောင့် ရှုံးနိမ့်သွားတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ အဲဒီအနေအထားမှာ DKBA အနေနဲ့ လက်မခံတဲ့ အနေအထားမှာ မြဝတီနဲ့ ဘုရားသုံးဆူမှာ စစ်အစိုးရနဲ့ တိုက်ပွဲတွေ ဖြစ်လာခဲ့ပါတယ်။

“ဒါ အခုထိလည်း တိုက်ပွဲအရှိန်က ပြင်းထန်နေဆဲပါပဲ။ စစ်ရေးအရ ဖြေရှင်းရုံနဲ့ မပြီးပြတ်တဲ့ အခြေအနေ ရှိတယ်ဆိုတာ ဒီအနှစ် ၆၀ ပြည်တွင်းစစ်က ကျနော်တို့ကို သက်သေပြထားခဲ့ပြီးပါပြီ။ အကောင်းဆုံးကတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းတာဟာ အကောင်းဆုံးလို့ ပြောကြားလိုပါတယ်။”

မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့ အနေနဲ့ အခုလို စစ်အစိုးရထံမှာ လက်နက်အပ်နှံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးကြီး နိုင်ရှောင်ကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ် မရရှိခဲ့ပါဘူး။

မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး အဖွဲ့ဟာ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ ပထမအကြိမ် လက်နက်အပ်နှံခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဒုတိယအကြိမ် လက်နက် ထပ်မံ အပ်နှံခဲ့ပါတယ်။

မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့ဟာ စစ်အစိုးရ တိုက်တွန်းထားတဲ့ ဌာနေပြည်သူ့စစ် အသွင်ပြောင်းဖို့ လက်ခံထားပေမဲ့လည်း သတ်မှတ်ထားတဲ့ အင်အား အရေအတွက် မပြည့်မီလို့ မဖွဲ့စည်းနိုင်တဲ့အပြင် အခုလို လက်နက်တွေ ထပ်မံ သိမ်းဆည်းခံခဲ့ရတဲ့အတွက် အဖွဲ့ရဲ့ ရပ်တည်ရေးမှာ မရေရာတော့တဲ့ အနေအထား ရှိနေတယ်လို့ စစ်ရေးအကဲခတ်သူတွေက သုံးသပ်ထားပါတယ်။