ကွယ်လွန်သူ ဦးအောင်ရွှေအပေါ် လွှတ်တော်အမတ်ဟောင်းတချို့ရဲ့ သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဟောင်း ဦးအောင်ရွှေ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက သူရဦးတင်ဦး

ကွယ်လွန်သွားပြီဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဟောင်း ဦးအောင်ရွှေဟာ နိုင်ငံရေးအရ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ပေမယ့် စစ်အစိုးရလက်ထက် NLD ရပ်တည်ရှင်သန်နိုင်အောင် တာဝန်ယူပြီး အခက်အခဲတွေကို ဖြတ်သန်းကျော်လွှားနိုင်ခဲ့သလို၊ နောက်ဆုံးပါတီခေါင်းဆောင်အဖြစ်ကနေ အနားယူသွားချိန်မှာ ပါတီနဲ့ပတ်သက်လို့ ဝေဖန်ပုတ်ခတ်ပြောဆိုမှုတွေ မလုပ်ခဲ့ဘူးလို့ ပြည်ပရောက် NLD အမတ်ဟောင်းတွေနဲ့ မြန်မာ့အရေး ဦးဆောင်လှုပ်ရှားခဲ့သူတွေက သုံးသပ်ပါတယ်။

မအင်ကြင်းနိုင်က ဆက်ပြီး ပြောပြမှာပါ။

ဦးအောင်ရွှေဟာ အရင် ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တုန်းက ဗိုလ်မှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးလူထုလှုပ်ရှားမှုမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးတို့လို တပ်ခေါင်းဆောင်းဟောင်းတွေအဖြစ် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ရွှေလည်း ပါဝင်ခဲ့ပါတယ်။ ၁၉၈၈ခုနှစ် စက်တင်ဘာလမှာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးပါတီတွေကို ဖွဲ့စည်းခွင့်ပြုချိန် အောက်တိုဘာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးတင်ဦးနဲ့ ဦးအောင်ကြည်တို့" အောင်စုတင်" ဆိုပြီး ဦးဆောင် တည်ထောင်သူတွေထဲမှာထဲမှာ ဦးအောင်ရွှေလည်းပါဝင်ခဲ့ပါတယ်။။

၁၉၈၉ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နေအိမ်အကျယ်ချုပ်ချပြီး ပါတီခေါင်းဆောင်တွေကို ဖမ်းဆီး ထားချိန်နောက်ပိုင်းမှာ ပါတီ ဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးအောင်ရွှေ ရပ်တည်ဆောင်ရွက်ချက်တွေမှာ အငြင်းပွားဖွယ်ရာတွေဖြစ်ခဲ့ပြီး ပါတီဝင်အတော်များများက မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။

ဒါပေမယ့် အခက်အခဲကာလ NLD ရပ်တည်နိုင်အောင် ဦးအောင်ရွှေလုပ်ဆောင်ခဲ့တာကိုတော့ အသိအမှတ်ပြုကြောင်း ၁၉၉၀ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပဲခူးတိုင်း ပေါက်ခေါင်း အမတ်ဖြစ်ပြီး အဝေးရောက်ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ ဒေါက်တာစိန်ဝင်းကပြောပါတယ်။

“နိုင်ငံရေးအရပြောဆိုမှုတွေကတော့ ရှိကြမှာပေါ့ ။ မှားတယ်၊ မှန်တယ် သို့သော်လည်း တချိန်က တာဝန်ယူပြီးတော့ ခက်ခံတဲ့ကာလကို ဖြတ်သန်းဖို့အတွက် ပါဝင်ခဲ့တယ်၊ ခေါင်းဆောင်ခဲ့တယ် ဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ ကျနော်တို့ အများကြီးလေးစားပါတယ်။”

၁၉၉၀ ခုနှစ်တွေ တဝိုက် စစ်အစိုးရက NLD အပါအဝင် နိုင်ငံရေးပါတီတွေကို အကြီးအကျယ်ဖိနှိပ်နေချိန်မှာ ဦးအောင်ရွှေ ရဲ့ ဆုံးဖြတ်လုပ်ဆောင်ခဲ့မှုတွေနဲ့ ပတ်သက်လို့ ၁၉၉၀ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)က ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ဒေါက်တာတင့်ဆွေကတော့ အခုလို သုံးသပ်ပါတယ်။

“စစ်အစိုးရဟာ နိုင်ငံရေးပါတီတွေ ဘယ်ပါတီကိုမဆို အရင်တုန်းကတော့ ၃၅၀ အထိရှိခဲ့တယ် နောက် ၇၉ ပါတီ ၊ နောက်ရွေးကောက်ပွဲပြီးတော့ ၁၀ ပါတီပဲ ချန်ထားတယ်။ အဲဒီတော့ ပါတီကိုဖြစ်ချင်ရင် သူက သူ့လက်ထဲမှာရှိတယ် အကုန်ဖြစ်လို့ရတယ်။ ဘယ်လိုပဲ လုပ်လုပ်၊ ဘယ်လိုပဲ ဥပဒေကြောင်းစသဖြင့် ညီညွှတ်အောင်လုပ်လုပ် ဖျက်ချင်ရင်လည်း ဖျက်တာပါပဲ။ အဲဒီတော့ တခါတလေ နိုင်ငံရေးမှာ ရဲစွမ်းသတ္တိရှိတယ်ဆိုတဲ့အချက်တွေလည်းချရတယ်၊ မဟာဗျူဟာကျတဲ့ ဆုံးဖြတ်ချက်တွေလည်းချရတာဖြစ်တဲ့အတွက် ဦးအောင်ရွှေလက်ထက် NLD ဟာ ပါတီဆက်လက်ရည်တည်နေနိုင်တာကတော့ မှန်သော်လည်း အငြင်းပွားဖွယ်လိုခေါ်ရမယ့်၊ တနည်းအားဖြင့် ဝေဖန်စရာကောင်းတဲ့ဆုံးဖြတ်ချက် အကြီးကြီးကိုလည်း ချမှတ်ခဲ့တယ်လို့ ကျနော်ကတော့ အဲဒီလို သုံးသပ်ချင်ပါတယ်ခင်ဗျ။”

အငြင်းပွားဖွယ်ရာဖြစ်ခဲ့တဲ့ အရေးကြီးဆုံးအချက်တွေနဲ့ ပတ်သက်လို့ ဒေါက်တာတင့်ဆွေက အခုလိုပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်တို့ ဦးတင်ဦးတို့ ပါတီကနေ ထွက်တယ်ဆိုတဲ့ စာလိုမျိုး ၊ နောက်ပြီးတော့ ကျနော်တို့လို ပြည်ပရောက်ပြီးတော့ ဒီစစ်အစိုးရကို ဆန့်ကျင်နေတဲ့ NLD အမတ်တွေကိုလည်း ပါတီကနေ ထုတ်တယ်ဆိုတဲ့ ကြေညာချက်တွေလည်း ထုတ်ခဲ့ပါတယ်။ နောက်တခုအရေးကြီးတာကတော့ ၁၉၉၃ မှာကျင်းပတဲ့ အမျိုးသားညီလာခံ တက်ရေး၊ မတက်ရေးကိစ္စမှာ တက်ရေးဘက်က ဆုံးဖြတ်ပြီးတော့ တက်ခဲ့တယ်။ အဲဒီအရေးမှာလည်း ၁/၉၀ ဆိုတဲ့ နအဖ၊ နဝတ ကြေညာချက်ကို လက်ခံရေးကိစ္စမှာလည်း အငြင်းပွားဖွယ် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တရပ်ကိုလည်း ချခဲ့ပါတယ်။”

ဒါပေမဲ့လည်း ၂၀၀၈ ခုနှစ်မှာ NLD ဥက္ကဌအဖြစ်အနားယူခဲ့ချိန်မှာ ပါတီနဲ့ ပတ်သက်လို့ ဦးအောင်ရွှေအနေနဲ့ ဝေဖန်ပြောဆိုမှုတွေမလုပ်ပဲ တည်တည်ငြိမ်ငြိမ်ရပ်တည်ခဲ့တာကိုတော့ အသိအမှတ်ပြုကြောင်း ဒေါက်တာတင့်ဆွေက ဆိုပါတယ်။

၁၉၉၁ ခုနှစ်မှာ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးကို NLD ကနေ ထုတ်ပယ်တဲ့ သူ့လက်မှတ်နဲ့ ကြေညာချက်ကို စစ်အစိုးရပိုင်သတင်းတွေမှာ အကျယ်တဝန့် ဖေါ်ပြခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ ပြန်ပြီးလွတ်လာချိန်မှာ ဦးအောင်ရွှေရဲ့ လုပ်ရပ်ဟာ ပါတီတည်တံ့ရေးအတွက်ဖြစ်တယ်ဆိုပြီး သူ့ဘက်က ရပ်တည်ခဲ့ကြပါတယ်။

ဦးအောင်ရွှေ ကို ပဲခူးတိုင်း သဲကုန်းမြို့တွင် ၁၉၁၈ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၄၀ တွင် ရန်ကုန်တက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။
၁၉၄၂ ကနေ ၁၉၄၅ ခုနှစ်ထိ BIA, BDA နဲ့ PBF တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်မှာ ဗိုလ်မှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၁၉၆၁ ခုနှစ်တွင် မြန်မာနိုင်ငံတွင် စစ်တိုင်းကြီး ၂ တိုင်း (တောင်ပိုင်းတိုင်းနှင့် မြောက်ပိုင်းတိုင်း) သာ ရှိနေသေးချိန်တွင် တောင်ပိုင်းတိုင်း တိုင်းမှူးတာဝန်ထမ်းဆောင်ဆဲ ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးနေဝင်းက ဗိုလ်မှူးချုပ်အောင်ရွှေအား အငြိမ်းစားယူစေခဲ့ပြီး သြစတေလျ သံအမတ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည်။

၁၉၆၁ မှ ၁၉၇၅ ထိ အီဂျစ်၊ ပြင်သစ်၊ စပိန်နှင့် နယူးဇီလန် သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခံရသည်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် တပ်မှူးဟောင်းများအဖွဲ့တွင် ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ရာတွင်ပါဝင်ခဲ့သည်။ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ် အမှတ် ၁ မဲဆန္ဒ
နယ်မှ ဝင်ရောက် ယှဉ်ပြိုင် ရွေးချယ်ခံရသည်။

၁၉၉၈ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင်
ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ Committee Representing People's Parliament (CRPP) ကို ဖွဲ့စည်းသည့်အခါ ဦးအောင်ရွှေ အား ဥက္ကဌအဖြစ်တင်မြှောက်ခဲ့သည်။ ဦးအောင်ရွှေသည် ကျန်းမာရေးအရ ၂၀၀၈ ခုနှစ်တွင် ပါတီတာဝန်များမှ အနားယူခဲ့သည်။

အဲဒီနောက် ၂၀၁၇ ခုနှစ်မှာ ကျန်းမာရေးအရ ဝိတိုရိယဆေးရုံမှာ တက်ရောက်ကုသနေရင်း သြဂုတ်လ (၁၃)ရက် တနင်္ဂနွေ နေ့တွင် ဘဝတပါးသို့ကူးပြောင်းသွားခဲ့ပါတယ်။ ဦးအောင်ရွှေ ကွယ်လွန်ချိန်မှာ အသက် (၉၉)နှစ်အရွယ်ရှိပါပြီ။

Your browser doesn’t support HTML5

ကွယ်လွန်သူ ဦးအောင်ရွှေအပေါ် လွှတ်တော်အမတ်ဟောင်းတချို့ရဲ့ သုံးသပ်ချက်