NLD အစိုးရလက်ထက် ဆက်သွယ်ရေးပုဒ်မနဲ့အရေးယူခံရသူ ၁၃၀ ကျော်ပြီ

ဆက်သွယ်ရေးပုဒ်မ (Soe Win Swe)

စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဖော်ဆောင်မယ်ဆိုတဲ့ အရပ်သားအစိုးရလက်ထက်မှာ လွတ်လပ်စွာ ဆန္ဒသဘောထားထုတ်ဖော်ပြောဆိုခွင့် ကို ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံရမှုက ဒီနေ့ဇူလိုင်လ ၄ရက်နေ့အထိ တရားစွဲဆိုမှုပေါင်း တရာ့နှစ်ဆယ်ကျော်သွားပြီလို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအသံက ပြောဆိုလိုက်ပါတယ်။ အရင်အစိုးရက စွဲဆိုမှုက ၁၁မှုပဲရှိခဲ့တာမို့ အခုလို အရပ်သားအစိုးရလက်ထက် အမှု တရာကျော်လာတာဟာ မြန်မာ့ ဒီမိုကရေစီ နောက်ကြောင်းပြန်နေသလား ဆိုတာ မေးခွန်းထုတ်စရာဖြစ်လာနေတယ်လို့ ဥပဒေပညာရှင်တွေက ဝေဖန်လိုက်ပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

အရင်အစိုးရလက်ထက် လွှတ်တော်မှာ ပြဋ္ဌာန်းခဲ့ပြီး အခု NLD အစိုးရလက်ထက် လွှတ်တော်မှာ ပြင်ဆင်ချက်အချို့နဲ့ ပြန်လည်ပြဌာန်းခဲ့တဲ့ ပုဒ်မ ၆၆ဃ ပါဝင်တဲ့ ဆက်သွယ်ရေးဥပဒေကြောင့် ၂၀၁၈ခုနှစ် ဇူလိုင်လ ၄ရက်နေ့အထိ နောက်ဆုံးကောက်ခံရရှိတဲ့စာရင်းအရ တရားရုံးတင်စွဲဆိုမှုပေါင်း ၁၃၄မှုအထိရှိသွားပြီဖြစ်ပါတယ်။ အရင်အစိုးရလက်ထက်တုန်းက ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုခံခဲ့ရတဲ့အမှုက (၁၁)မှုပဲ ရှိခဲ့ပေမဲ့လို့ အခုအစိုးရလက်ထက်မှာတော့ အရင်ဥပဒေမပြင်ဆင်ခင်က တရားစွဲဆိုမှုပေါင်း အမှု(၉၀)ကျော်နဲ့ အခုဥပဒေပြင်ဆင်ပြီး (၃၀)ကျော်နဲ့ စွဲဆိုနေကြတာ အမှုပေါင်း တရာ့နှစ်ဆယ်ကျော်သွားပြီဖြစ်ပါတယ်။

အာဏာရအဖွဲ့အစည်းတွေဖြစ်တဲ့ တပ်မတော်၊ နောက်နိုင်ငံရေးပါတီတွေနဲ့ လက်ရှိပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကပါ ဒီဆက်သွယ်ရေးဥပဒေပုဒ်မကို ကိုင်စွဲပြီး ပါဝင်တရားစွဲဆိုနေတဲ့ အနေအထားဖြစ်တယ်လို့လည်းသိရပါတယ်။ ပုဒ်မ ၆၆ဃ ပါဝင်တဲ့ ဆက်သွယ်ရေးဥပဒေကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ လွတ်လပ်စွာဆန္ဒသဘောထားထုတ်ဖော်ခွင့် ဒီမိုကရေစီစံနှုန်းတွေကို အတော်လေး ထိပါးလာတဲ့ အနေအထားဖြစ်နေတယ်လို့ သူကိုယ်တိုင်လည်း တရားစွဲဆိုခံခဲ့ရဖူးတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအသံရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခကပြောပါတယ်။

"ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာဆိုရင် ၁၁ မှုရှိခဲ့ပြီးတော့ လက်ရှိအစိုးရလက်ထက်မှာ ဥပဒေမပြင်ရသေးခင်မှာ ၉၀ မှုရှိပြီးတော့ ဥပဒေပြင်ပြီးမှ ၃၃ မှုရှိတယ်လို့ ကျနော်တို့ထုတ်ပြန်တာ ဖြစ်ပါတယ်။ ဥပဒေပြင်တဲ့ဟာက အားနည်းချက်တွေရှိတယ်၊ ဥပဒေပြင်တာဟာ နည်းမမှန်ဘူး ဆိုတာကို ကျနော်တို့ သက်သေပြဖို့အတွက် ဒီအမှုနဲ့ ပတ်သက်ပြီးတော့ တရားစွဲဆိုမှုတွေရှိနေတာကို ကျနော်တို့က ဒီတလမှာတင် ၆ မှုတိတိ တိုးလာတာတွေ့ရတယ်။ ဥပဒေပြင်ဆင်မှုမှာ အားနည်းချက်တွေရှိတယ် ထပ်ပြီးတော့ ပြင်ဖို့လိုတယ်ဆိုတာကို ကျနော်တို့က အစိုးရကိုရော လွှတ်တော်ကိုရော သတိပေးနေတဲ့ ပုံစံမျိုးနဲ့ ထုတ်ပြန်နေတာတွေဖြစ်တယ်ပေါေ့နာ်။'

ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့ အခြေခံလူ့အခွင့်အရေးတွေ ချိုးဖောက်စေတဲ့ ဥပဒေတွေကို ပြင်ဆင်ပယ်ဖျက်ဖို့ အခွင့်အရေး လှုပ်ရှားသူတွေက လွှတ်တော်ကို တောင်းဆိုနေကြချိန်မှာပဲ အခုလို ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုအရေးယူမှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတာကတော့ ဒီမိုကရေစီဖော်ဆောင်နေတဲ့NLD အစိုးရလက်ထက် ဒီမိုကရေစီနောက်ကြောင်းပြန်လှည့်နေသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာနေတယ်လို့ လူ့အခွင့်အရေးရှေ့နေတဦးဖြစ်တဲ့ ဦးသိန်းသန်းဦးကလည်း ဝေဖန်သုံးသပ်လိုက်ပါတယ်။

"ဆိုးတယ် အခုက နောက်ဆုတ်သွားတာက အဓိကပဲ Freedom of expression ကတော့ ပိုပြီးတော့ ကန့်သတ်ချက်ခံရတယ်။ နောက်တခါ လုံခြုံရေးအကြောင်းပြချက်နဲ့ Reuters သတင်းဌာနက တရားစွဲခံထားရတယ် ၊ Access To Information နဲ့ ပတ်သက်တာပေါ့ လွတ်လွတ်လပ်လပ် လုပ်လို့မရတာတွေက ပိုများလာတယ်၊ ပိုချုပ်ချယ်လာတယ်။ ဒီ ၆၆ဃ များလာတာကတော့ အဓိက ကျတဲ့အချက်က အလွယ်တကူ တရားစွဲလို့ရသွားတဲ့ အချက်၊ နောက်တခါ တရားစွဲအဖွဲ့အစည်းတွေကလည်း ရဲစခန်းတို့ ဘာတို့ကလည်း အရင်တုန်းကတော့ အာမခံမရဘူးဆိုတော့ တော်တော်ခဲခဲယဉ်းတယ်။ အခုတော့ အာမခံတွေပေးလို့ရတယ်ဆိုတော့ ဆွဲတဲ့လူကလည်း အလွယ်တကူပေါ့နော်။ ဒါပေမယ့် တခုလုံးခြုံပြောမယ်ဆိုရင် Freedom of expression ကတော့ ကျလာတယ်။ ပိုပြီးတော့ ကန့်သတ်ချက်များလာတယ်။ ဖိနှိပ်ချုပ်ချယ်လာတယ် တခါတရံ ကျနော်တဦးချင်းသဘောပြောရရင် ဒါသွေးရိုးသားရိုးဟုတ်ရဲ့လားလို့တောင် သံသယရှိတယ်။"

နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်အပါအဝင် လွတ်လပ်စွာ အမြင်သဘောထားကွဲပြားနိုင်ခွင့်အပေါ် ဥပဒေကြောင်းအရ တရားဝင်ပိတ်ပင်တားဆီးသလိုဖြစ်နေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မကတော့ ပြင်ဆင်တာထက်စာရင် ဖျက်သိမ်းပစ်သင့်တဲ့ပုဒ်မဖြစ်နေတာမို့ ပြည်သူအများမဲဆန္ဒနဲ့ရွေးချယ်တင်မြှောက်ထားတဲ့ဲ့ လူထုကိုယ်စားလှယ်တွေဘက်က လွှတ်တော်တွင်း ပြင်ဆင်မှုတွေဖြစ်လာအောင် ဆက်လက်တိုက်တွန်းသွားမှာဖြစ်တယ်လို့လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအသံကပြောပါတယ်။

"မဖျက်လို့ကိုမရဘူး။ ဒီဥပဒေက ဖျက်ကိုဖျက်ဖို့လိုအပ်တယ်ပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ အရေးယူလို့ရတာ ဒီဘက်မှာ ရာဇသတ်ကြီးပုဒ်မက ၅၀၀ ရှိပြီးသား အဲ့ဒီ့ပုဒ်မကလည်း ထောင်ဒဏ် ၂ နှစ်ပေးထားတဲ့အတွက် ဒီ၆၆ဃကလည်း ၂နှစ်ဖြစ်တယ်။ အဲ့ဒီ့တော့ ဒီ ၆၆ဃ ကို ပြင်ဖို့ကိုစဉ်းစားတာ လုံးဝမသင့်တော်ဘူး။ မဖြစ်မနေ ဖျက်သိမ်းဖို့ပဲ စဉ်းစားသင့်တယ်။"

အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ် ရေးသားမှုတွေအပေါ် ထိန်းချုပ်ကန့်သတ်တရားစွဲဆိုမှုတွေ များလာနေတဲ့ ၆၆ဃ ပုဒ်မလို ပုဒ်မတွေပါဝင်တဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ ဒီအစိုးရလက်ထက် အရေးယူမှုတွေပိုများလာတာကတော့ မြန်မာနိုင်ငံတွင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ် သတင်းလွတ်လပ်ခွင့် သတင်းစီးဆင်းမှုထိန်းချုပ်မှုတွေ ပိုများလာပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆန္ဒသဘောထားတင်ပြခွင့်တွေကို အတော်လေး တင်းကျပ်လာတဲ့ အနေအထားဖြစ်လာနေတယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေဘက်က ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

NLD အစိုးရလက်ထက် ဆက်သွယ်ရေးပုဒ်မနဲ့အရေးယူခံရသူ ၁၃၀ ကျော်ပြီ