လန်ဒန်အခြေစိုက် Economist အပတ်စဉ်မဂ္ဂဇင်းရဲ့ သုတေသနဌာနဖြစ်တဲ့ Economist Intelligence Unit က မြန်မာပြည်အခြေအနေနဲ့ ပတ်သက်တဲ့ (၂၄) မျက်နှာ ဇူလိုင်စစ်တမ်းကို မကြာမီက ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေကို အဓိက သုံးသပ်ထားတဲ့ စာတမ်းဖြစ်ပါတယ်။ လွတ်လပ်စွာ စည်းရုံးရေး မဆင်းနိုင်တဲ့အတွက် နိုင်ငံရေးပါတီတွေ အခက်အခဲတွေ့နေပုံကို ဖော်ပြပါတယ်။ ပါတီမှတ်ပုံတင်ခ (၃) သိန်းပေးရပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူတဦးကို (၅) သိန်း ပေးရမှာဖြစ်တဲ့အတွက် ငွေကြေးအခက်အခဲ ရှိနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံရေးပါတီတွေ စုပေါင်းလိုက်ရင်တောင် ငွေအင်အား၊ လူအင်အားမှာ စစ်အစိုးရ တည်ထောင်ထားတဲ့ ကြံ့ဖွံ့ပါတီကို မယှဉ်နိုင်ပါဘူး။ ဘယ်လို အခြေအနေမျိုးမှာ ရွေးကောက်ပွဲ ကျင်းပမှာလည်းဆိုတာကိုလည်း မသိနိုင်သေးပါဘူး။
ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်ပုံဟာ အလွန်မှားယွင်းနေတယ်လို့ နိုင်ငံခြားအစိုးရတွေက ဝေဖန်ကြပါတယ်။ ဒါကြောင့် သိသာမြင်သာ ယုံကြည်လောက်စရာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လေ့လာရေးအဖွဲ့တွေ စေလွှတ်လိုကြပေမယ့် ဗမာစစ်အစိုးရက လက်မခံပါဘူး။ ရွေးကောက်ပွဲကို မကျေမနပ်ဖြစ်နေတုန်း အဏုမြူလက်နက် ထုတ်လုပ်ဖို့ ကြံစည်နေတယ်ဆိုတဲ့ သတင်းနဲ့ မြောက်ကိုရီးယားရဲ့ အကူအညီ ရယူတယ်ဆိုတဲ့ သတင်းကြောင့် ဗမာစစ်အစိုးရကို မယုံသင်္ကာ ဖြစ်လာကြပါတယ်။
ဗိုလ်မှုးစိုင်းသိန်းဝင်း ယူဆောင်လာတဲ့ အထောက်အထားတွေကို IAEA အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ က စစ်ဆေးနေတုန်းပဲလို့ ယူဆရပေမယ့် ထုတ်ပြန်ကြေညာတာမျိုး မလုပ်သေးပါဘူး။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် (၁၈၇၄) အရ မြောက်ကိုရီးယားနဲ့ လက်နက်အရောင်းအဝယ် မလုပ်ဖို့ ပိတ်ပင်ထားတာကို ဗမာစစ်အစိုးရ သဘောတူထားပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့က စစ်ဆေးတဲ့အခါမှာ မြန်မာအပါအဝင် နိုင်ငံအချို့ဟာ ပိတ်ပင်ထားတဲ့ ပစ္စည်းကို မြောက်ကိုရီးယားဆီက ရယူနေကြောင်း သိရပါတယ်။ ရုရှားလုပ် အဏုမြူဓါတ်ပေါင်းဖို့ အသေးစားတခု ဝယ်ယူဖို့နဲ့ မြန်မာသိပ္ပံပညာရှင်တွေကို သင်တန်းပေးဖို့ ၂၀၀၇ မှာ ရုရှားနဲ့ သဘောတူခဲ့ပါတယ်။ IAEA ညွှန်ကြားချက်အတိုင်း လိုက်နာမယ်လို့ ရုရှားက ဆိုပေမယ့် IAEA ကို စစ်ဆေးခွင့်ပြုတဲ့ စာချုပ်ကို ဗမာစစ်အစိုးရက လက်မှတ်မထိုးရသေးဘူးလို့ သိရပါတယ်။
ဗမာစစ်အစိုးရဟာ နေပြည်တော် တည်ဆောက်ရေးနဲ့ စစ်တပ်တိုးချဲ့ရေးကိုသာ ဦးစားပေးပြီး ကျန်းမာရေးနဲ့ ပညာရေးကို ဂရုမစိုက်တဲ့အတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး ရည်မှန်းချက် (၈) ခုကို အကောင်အထည်ဖော်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။ အလွန်အမင်း ဆင်းရဲမှု ပပျောက်ရေး၊ ကလေးသေဆုံးမှုနှုန်း ကျဆင်ရေး၊ မိခင်ကျန်းမာရေး၊ ကလေးတိုင်း မူလတန်းပညာ သင်ကြားနိုင်ရေး၊ အမျိုးသမီး လုပ်ပိုင်ခွင့်ပေးရေး စတာတွေကို ၂၀၁၅ ကို နောက်ဆုံးထားပြီး အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂ က ရည်မှန်းထားပေမယ့် ဗမာစစ်အစိုးရဟာ ဆောင်ရွက်နိုင်မယ် မဟုတ်ပါဘူး။
၂၀၀၉ ခုနှစ် UNDP လူသားရင်းမြစ် တိုးတက်ဖွံ့ဖြိုးရေး အစီအစဉ်စာမှာ ဗမာစစ်အစိုးရ အသုံးစရိတ်ရဲ့ (၂) ရာခိုင်နှုန်းဟာ ကျန်းမာရေးစရိတ် ဖြစ်နေပြီး အာဆီယံနိုင်ငံတွေရဲ့ ပျမ်းမျှနှုန်း၊ ကျန်းမာရေးစရိတ်ဟာ အသုံးစရိတ်ရဲ့ (၇) ရာခိုင်နှုန်း ဖြစ်နေပါတယ်။ ဒါကြောင့်မို့ အာဆီယံနိုင်ငံတွေထဲမှာ မြန်မာပြည်ဟာ လူ့ဖွံ့ဖြိုးမှုမှာ အနှိမ့်ကျဆုံး ဖြစ်နေပါတယ်။ လာအို၊ ကမ္ဘောဒီးယား နဲ့ ဗိယက်နမ် နိုင်ငံတွေဟာ မြန်မာနိုင်ငံထက် အများကြီးသာနေပါတယ်။ မြန်မာပြည်ရဲ့ ပျမ်းမျှကြေး လူသက်တမ်းဟာ (၆၀) ဖြစ်ပြီး အာဆီယံသက်တမ်းက (၇၀) ဖြစ်ပါတယ်။ အနာဂတ် မြန်မာပြည်သားတွေဖြစ်တဲ့ အသက် (၅) နှစ်အောက် ကလေးတွေထဲမှာ (၃၂) ရာခိုင်နှုန်းဟာ အဟာရဓါတ်ချို့တဲ့ နေကြပါတယ်။ အသက် (၅) နှစ်အောက် ကလေး (၁၀၀၀) မှာ (၆၆) ယောက် သေဆုံးနေကြောင်း ၂၀၀၃ ခုနှစ် စာရင်းအရ သိရပါတယ်။
ကမ္ဘာ့စီးပွားရေး ထူထူထောင်ထောင် ဖြစ်လာပေမယ့် မြန်မာ့စီးပွားရေးဟာ နှေးကွေးနေတုန်းပဲလို့ Economist Intelligence Unit က သုံးသပ်ပါတယ်။ စက်မှုလုပ်ငန်း တိုးတက်မှုကို ခန့်မှန်းရာမှာ လျှပ်စစ်ဓါတ် သုံးစွဲမှုနှုန်းနဲ့ တိုင်းတာလေ့ရှိပါတယ်။ လျှပ်စစ်ဓါတ်အားသုံးစွဲမှု တဖြည်းဖြည်း လျော့နည်းလာတာမို့ မြန်မာ့စက်မှုလုပ်ငန်းကဏ္ဍမှာ တိုးတက်မှု မရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။ ဘိလပ်မြေနဲ့ အုတ်ထုတ်လုပ်မှု ကျဆင်းလာတာကြောင့် ဆောက်လုပ်ရေးကဏ္ဍမျာလည်း အနိုင်နိုင် ရုန်းကန်နေရတာ သိသာပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ မြန်မာ့ကျောက်မျက်ကို ဝယ်သူနည်းလာတဲ့အတွက် မိုင်းလုပ်ငန်းကဏ္ဍတွေမှာလည်း တိုးတက်မှုမရှိတာ ထင်ရှားနေပါတယ်။
ပဲမျိုးစုံနဲ့ ဆန်ရောင်းရတာကြောင့် စိုက်ပျိုးလယ်ယာကဏ္ဍဟာ ရှင်သန်နေပုံရပါတယ်။ နောက်ဆုံးရရှိထားတဲ့ စာရင်းဇယားတွေအရ လွန်ခဲ့တဲ့နှစ်က ဆန်တန်ချိန် (၈) သိန်းနီးပါး တင်ပို့နိုင်ကြောင်း သိရပါတယ်။ တန်ချိန် (၄) သိန်းလောက် ပိုများလာတဲ့ သဘောဖြစ်ပါတယ်။ ပဲမျိုးစုံတင်ပို့ရာမှာ တင်ပို့တဲ့ ပမာဏမှာ (၁၀) ရာခိုင်နှုန်းလောက် နည်းသွားပေမယ့် ဝင်ငွေ (၃၀) ရာခိုင်နှုန်းလောက် တိုးပွားလာပါတယ်။ လောင်စာစွမ်းအင်ကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တိုးပွားလာတာကြောင့် စီးပွားရေးတိုးတက်ဖို့ အလားအလာ ရှိနိုင်ကြောင်း Economist Intelligence Unit က သုံးသပ်ထားပါတယ်။