အဏုမြူလက်နက် ကိုင်ဆောင်မှု

နော်ဝေး (Norway) အခြေစိုက် ဒီမိုကရက်တစ်မြန်မာအသံ (Democratic Voice of Burma) က ထုတ်လုပ်ပြီး ကာတာ (Qatar) နိုင်ငံ ဒိုဟာ (Doha) မြို့အခြေစိုက် Al Jazeera တီဗွီသတင်းဌာနက လွန်ခဲ့တဲ့အပတ်က ပြသသွားခဲ့တဲ့ သတင်းမှတ်တမ်းမှာ ဗမာစစ်အစိုးရဟာ အဏုမြူလက်နက် ကိုင်ဆောင်နိုင်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ အဏုမြူလက်နက် စီမံကိန်းမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ ဗိုလ်မှုးစိုင်းသိန်းဝင်း ဖော်ပြတဲ့ အထောက်အထားတွေအရ သိရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအားအေဂျင်စီ အရာထမ်းဟောင်း ကျွမ်းကျင်သူတွေက လေ့လာဆန်းစ်တဲ့အခါမှာ အခုလို မိမိတို့အနေနဲ့ ကြိုးပမ်းနေလို့ကတော့ အဏုမြူလက်နက် ထုတ်လုပ်နိုင်တဲ့အဆင့်ကို ရောက်လာမှာ မဟုတ်ဘူးလို့ မှတ်ချက်ချကြပါတယ်။

ဒါပေမဲ့ အဏုမြူလက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေတာကတော့ သေချာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဗမာစစ်အုပ်စု ဘာဖြစ်လို့ အဏုမြူလက်နက် ကိုင်ဆောင်ချင်တာလဲဆိုတာက စဉ်းစားစရာ ဖြစ်လာပါတယ်။ အဏုမြူလက်နက်ရှိတဲ့ နိုင်ငံကို ကျူးကျော်တိုက်ခိုက်ပြီး အစိုးရကိုဖြုတ်ချဖို့ အလွန်ခက်ခဲတာကြောင့် အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးစံကို မလိုက်နာတဲ့ အစိုးရတွေအဖို့ အဏုမြူလက်နက် ကိုင်ထားရင် အပြင်ရန်ကို ဟန့်တားနိုင်တယ်လို့ ယူဆပါတယ်။ မြောက်ကိုရီးယားကို တောင်ကိုရီးယားနဲ့ မဟာမိတ်တွေ ဝိုင်းတိုက်ရင် နိုင်နိုင်ပေမယ့် ဆိုးလ် (Seoul) မြို့တော် အဏုမြူဗုံးဒဏ် ခံရဖွယ်ရှိတာမို့ မြောက်ကိုရီးယားကို တိုက်ခိုက်ဖို့ စိတ်မကူးတာလို့ မြင်ကြပါတယ်။

အဏုမြူလက်နက် ကိုင်ဆောင်သူဟာ မကိုင်သူထက် တပန်းသားတယ်လို့ စစ်ဗျူဟာအရ မြင်ကြတာလည်း ရှိပါတယ်။ အီရတ်က အဏုမြူဓါတ်ပေါင်းဖို တည်ဆောက်ဖို့ စတင်ကြိုးပမ်းတဲ့အခါ အဏုမြူလက်နက် ထုတ်လုပ်ဖို့ ဦးတည်လာနိုင်တာကြောင့် အဏုမြူလက်နက်ကိုင်ဆောင်တဲ့ အစ္စရေးက စိုးရိမ်ပူပန်လာပါတယ်။ ဒါကြောင့်မို့ ၁၉၈၁ ခုနှစ်မှာ အီရတ်အဏုမြူဓါတ်ပေါင်းဖိုကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးလိုက်ပါတယ်။ ဒါပေမဲ့ နောက်အနှစ် (၂၀) လောက်ကြာတော့ အီရတ်မှာ အဏုမြူလက်နက် ရှိတယ်လို့ ယူဆတဲ့အတွက် ကုလသမဂ္ဂက စစ်ဆေးတဲ့အခါ ပြဿနာဖြစ်လာပါတယ်။ ကျူးကျော်တိုက်ခိုက်လာမှာကို ဟန့်တားတဲ့အနေနဲ့ အီရတ် အဏုမြူလက်နက်မရှိဘဲ ရှိဟန်ဆောင်ခဲ့ပါတယ်။ ဟန်ဆောင်ကောင်းလွန်းလို့ အမေရိကန်က တိုက်ခိုက်သိမ်းပိုက်တာကို ခံလိုက်ရပါတယ်။ အသံကြောင့် ဖားသေဆိုတာကို အီရတ်က သက်သေပြသလိုက်လို ဖြစ်နေပါတယ်။

အစစ်ဆေးမခံဘဲ အဏုမြူလက်နက် ထုတ်လုပ်နိုင်သူဟာ မြောက်ကိုရီးယား ဖြစ်ပါတယ်။ အမေရိကန်၊ ကုလသမဂ္ဂ တို့ မဟန့်တားနိုင်တာ တွေ့ရပါတယ်။ အဏုမြူ စီမံကိန်းအကြောင်း ၁၉၉၃ ခုနှစ်ကတည်းက အမေရိကန်က မြောက်ကိုရီးယားနဲ့ ဆွေးနွေးလာတာပါ။ နောက် (၁၀) နှစ်အကြာတော့ အကြောင်းမထူးတဲ့အတွက် အမေရိကန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ တရုတ်၊ ဂျပန် နဲ့ ရုရှားတို့ ပါဝင်တဲ့ (၆) ပွင့်ဆိုင် အစည်းအဝေးကို ၂၀၀၃ မှာ ကျင်းပခဲ့ပြီး မြောက်ကိုရီးယား အဏုမြူလက်နက် စွန့်လွှတ်ရေးကို စတင် ဆွေးနွေးကြပါတယ်။ ဒါပေမဲ့ ၂၀၀၆ နဲ့ ၂၀၀၉ မှာ မြောက်ကိုရီးယား က အဏုမြူဗုံး စမ်းသပ်ဖောက်ခွဲလိုက်ပါတယ်။ တရုတ်ပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားကို ဒဏ်ခတ်အရေးပေမယ့် အကြောင်းမထူးတာကို တွေ့ရပါတယ်။

ကုလသမဂ္ဂ အရေးယူနေတဲ့ကြားက မြန်မာနဲ့ တရုတ်ဟာ မြောက်ကိုရီးယားနဲ့ ပူးတွဲဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် (၁၇၁၈) ကို ၂၀၀၆ ခုနှစ် အောက်တိုဘာလမှာ အားလုံး သဘောတူ ချမှတ်ပြီး မြောက်ကိုရီးယားကို အရေးယူခဲ့ပါတယ်။ (၂) နှစ်ကြာတော့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်တဲ့ လျှို့ဝှက်စစ်ကော်မရှင်အဖွဲ့ဟာ ၂၀၀၈ နိုဝင်ဘာလမှာ မြောက်ကိုရီးယားကို သွားပြီး စစ်ရေးအကူအညီ တောင်းယူပါတယ်။ ဒီလို လျှို့ဝှက်ဆက်သွယ်နိုင်အောင် တရုတ်အစိုးရက အကူအညီပေးပါတယ်။ ဗမာစစ်အစိုးရဟာ တရုတ်ကတဆင့် မြောက်ကိုရီးယားနဲ့ ဆက်သွယ်နေတာ ထင်ရှားပါတယ်။

ဒဏ်ခတ်အရေးယူခံနေရတဲ့ မြောက်ကိုရီးယားနဲ့ ဗမာစစ်အစိုးရဟာ အပယ်ခံနိုင်ငံတွေ ဖြစ်တဲ့အတွက် တရုတ်ကို မှီခိုအားထားနေရပါတယ်။ တရုတ်ကလည်း ပင်လယ်ကမ်းရိုးတန်းမရှိတဲ့ ပြည်နယ်တွေအတွက် အပယ်ခံ အိမ်နီးချင်းတွေကို အားကိုနေရပါတယ်။ ယူနန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးမှာ မြန်မာပြည်ဟာ အရေးပါနေသလို အရှေ့မြောက်ပိုင်းက ဂျီးလင်နဲ့ ဟေးလောင်ကျန် ပြည်နယ်တွေဟာ မြောက်ကိုရီးယား ဆိပ်ကမ်းတွေကို သုံးနေရပါတယ်။ မြောက်ကိုရီးယားနဲ့ မြန်မာဟာ တရုတ်ပြည်ကို သယံဇာတ တင်ပို့သလို တရုတ်ကုန်ပစ္စည်း အများအပြား တင်သွင်းနေကြပါတယ်။

ဒါကြောင့် မြောက်ကိုရီးယား အဏုမြူလက်နက် ထုတ်လုပ်တာကို တရုတ်က သိပ်အလေးထားပုံ မရသလို မြောက်ကိုရီးယား အကူအညီနဲ့ ဗမာစစ်အစိုးရက အဏုမြူလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းမယ်ဆိုရင်လည်း တရုတ်က သိပ်ပြီး အရေးကြီးခွင်ကျယ် လုပ်နေမှာ မဟုတ်ပါဘူး။ မြန်မာနဲ့ မြောက်ကိုရီးယားမှာ တည်ငြိမ်နေဖို့သာ တရုတ်က လိုလားနေပါတယ်။ ဒါပေမဲ့ ဗမာစစ်အစိုးရဟာ အာဆီယံအဖွဲ့ဝင် ဖြစ်နေတာမို့ အမေရိကန်-အာဆီယံ ဆက်ဆံရေးမှာ ပြဿနာ ရှိနိုင်တဲ့အတွက် ဗမာမပါဘဲ အာဆီယံ (၉) နိုင်ငံနဲ့သာ အမေရိကန် ဆက်ဆံဖို့ အလားအလာရှိနေပါတယ်။ လောလောဆယ်တော့ အဏုမြူလက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေတာဟာ ဗမာစစ်အစိုးရအတွက် အနုတ်လက္ခဏာသာ ရှိနေပါတယ်။